မုန့်တီခြောက် (ခေါ်) ရေစိမ်ခေါက်ဆွဲပြုလုပ်ပုံအကြောင်း

Powered by Drupal

    ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် အများအားဖြင့် ဆန်ဖြင့်ပြုလုပ်ထားသည့် မုန့်တီခြောက် (ခေါ်) ရေစိမ်ခေါက်ဆွဲကိုစားသုံးကြပါသည်။ မုန့်တီခြောက်သည် ရှမ်းလူမျိုးတို့၏ အဓိကအစားအစာတစ်မျိုးဖြစ်သည့်အပြင် အလှူပွဲများနှင့် မင်္ဂလာဆောင်များတွင် မပါမဖြစ်ခေါက်ဆွဲဖြစ်ပါသည်။ ကျိုင်းတုံမြို့ပေါ်တွင်လည်း မုန့်တီခြောက်ပြုလုပ်သည့် ခေါက်ဆွဲစက်ပေါင်း (၂၆)စက်ရှိပါသည်။ မုန့်တီခြောက်ထုတ်လုပ်မည်ဆိုပါက ကုန်ကြမ်းအနေဖြင့် ဒေသဆန်ဖြစ်သော ငစိန်ဆန်တစ်မျိုးသာလိုအပ်ပါသည်။ ဒေသဆန်ဖြစ်သည့် ခေါက်ကျောက်နွဲ့ (ခေါ်) ငစိန်စပါးသည် စိုက်ပျိုးသည့်တောင်သူဦးရေနည်းသဖြင့် ဈေးနှုန်းအမြင့်ဆုံးပေးဝယ်ရသည့် ငစိန်ဆန်ဖြစ်ကြောင်းသိရှိရပါသည်။

   မုန့်တီခြောက်ပြုလုပ်ရန် ပထမဦးစွာ ငစိန်ဆန်ကို  ရေနှင့်တစ်ညခန့်ရောထည့်၍ ကော်ဇလုံ (သို့မဟုတ်) သံဇလုံကြီးများတွင် ထည့်စိမ်ထားရပါသည်။ နောက်တစ်နေ့တွင် ရေစိမ်ထားသော ငစိန်ဆန်များကိုဆယ်ယူကာ ကြိတ်စက်ဖြင့်ကြိတ်ခွဲပြီး ထွက်ရှိလာသည့်ဆန်မုန့်အနှစ်များကို ပိတ်စထဲထည့်ကာ ရေစစ်ထားရပါသည်။ ရေစစ်ပြီး အနေတော်ဖြစ်နေသည့်မုန့်အနှစ်များကို မုန့်တီခေါက်ဆွဲအမျှင်များပြုလုပ်သည့် စက်ဖြင့်ထပ်မံ၍ ကြိတ်ခွဲရပါသည်။ ထွက်ရှိလာသည့် မုန့်တီအစိမ်းခေါက်ဆွဲများကို ထုတ်တန်းများတွင်လည်းကောင်း၊ လှန်းစင်များဖြင့်လည်းကောင်း နေပူရှိန်ပြင်းသောရက်များတွင် နှစ်ရက်မှ သုံးရက်အထိ ခြောက်သွေ့သွားအောင်နေလှန်းခြင်းဖြင့် မုန့်တီခြောက်ရရှိလာပါသည်။ ရရှိလာသောမုန့်တီခြောက်များကို တစ်ကီလိုထုပ်တစ်ထုပ်လျှင် လက်လီဈေးနှုန်းမှာ (၃၀၀၀)ကျပ်၊ လက်ကားဈေးနှုန်းမှာ (၂၇၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်းတင်ပို့ရောင်းချရကြောင်း မြင်းပျံအမှတ်တံဆိပ်ဖြင့် မုန့်တီခြောက်ထုတ်လုပ်ရောင်းချသူထံမှသိရှိရပါသည်။

DOCA(ရှမ်း)