မာလကာပင်သည် မြန်မာပြည်တွင် နေရာအနှံ့အပြားဆိုသလို ပေါပေါများများ တွေ့မြင်ရပါသည်။ အမျိုးအစားပေါ်မူတည်၍ မာလကာသီး၏ အတွင်းပိုင်းအသားသည် အဖြူရောင် (အူဖြူသီး)နှင့် ပန်းရင့်ရောင်(သို့မဟုတ်) ကြက်သွေးပျော့ရောင် (အူနီသီး)ဟူ၍ နှစ်မျိုး ရှိပါသည်။ မာလကာပင်များသည် တစ်နှစ်ပတ်လုံး အသီးသီးပြီး နွေနှင့် မိုးရာသီများတွင် အသီးဖြိုင်ဖြိုင်ထွက်၍ ဆောင်းရာသီတွင် အသီးထွက်နည်းကြောင်း သိရပါသည်။
လတ်ဆတ်သော မာလကာသီးသည် အသားချို၍ ကြွပ်ဆတ်ရနံ့မွှေးပါသည်။ အသီးမှည့်သွားသောအခါ အတွင်းထဲရှိ အသားမှာ ပျော့အိကာပိုချိုပြီး ပိုလည်းမွှေးလာပါသည်။ အသီးထဲတွင် အလွန်မာသော အစေ့လေးများစွာပါရှိပါသည်။ မာလာကာသီးများကို သူ့ချည်းဘဲ သက်သက် အဆာပြေ၊ အချိုပွဲအဖြစ် စားလေ့ရှိသလို အခွံနွှာ၊ အစိတ်လှီးပြီး ဆား၊ နွယ်ချိုမှုန့် တို့ဖြင့်လူးနယ်၍လည်း စားကြပါသည်။
အိမ်ခြံဝင်းများတွင် သဘာဝအတိုင်းပေါက်ရောက်သည့် မာလကာသီးများရှိသလို စီးပွားဖြစ် စနစ်တကျစိုက်ပျိုးထားသည်များလည်း ရှိပါသည်။ တောင်ငူတက္ကသိုလ်အနီး ညောင်ကိုင်းရွာတွင် ကီလိုမာလကာသီးဟုခေါ်သည့် အစေ့ထုတ်၍ ကြွပ်ရွနေသော အခွံကိုသာ စားသုံးကြသည့် မာလကာပင်များကို စိုက်ပျိုးထားပါသည်။
၎င်းမာလာကာပင်မှ အသီးများကို အလုံးအသေးအကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀ ကျပ်မှ ၃၀၀ ကျပ်အထိ တောင်ငူမြို့ သစ်သီးဆိုင်များသို့ ရောင်းချရကြောင်း သိရပါသည်။
DOCA(ပဲခူး)