ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးသည့်ဆိုင်များ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာအဓိကထား၍ ရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များသိရှိစေရန်အတွက် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)