စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဦးစီးမှူး ဦးမြတ်မင်းနှင့် ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၆.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၂၂)ဦး၊ ဆရာ/ဆရာမ (၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးသည် စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးပြီး စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ အကြား သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယခုလိုစားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကို သိရှိနားလည် ပြီး အပြည့်အဝတောင်းဆိုတတ်စေရန် ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကို ဝယ်ယူ/အသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ် အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဦးစီးမှူး ဦးမြတ်မင်းက ပြည်သူတိုင်းသည်စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊ မိမိ၏အခွင့်အရေးကိုသဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုလျှင် စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများ သိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်းနှင့် စားသုံးသူ၏တာဝန်များအကြောင်းကိုလည်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ- ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားရှိသည့် ကုန်ပစ္စည်း များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန် နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲတို့ကို ကြည့်ရှုပြီးရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အခွင့်အရေးနှင့်တာဝန်များကို သိရှိပြီး တောင်းဆိုတတ်စေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှုရှိ/မရှိကို သေချာစွာကြည့်ရှု့ဝယ်ယူတတ်စေရန်ပြောကြားပြီး မိမိတို့အသိပညာပေးဟောပြော ဆွေးနွေးမှုများမှ နားလည်နိုင်မှုစွမ်းရည်များကိုမေးမြန်း၍ ဖြေကြားနိုင်သည့်ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)