ဆောင်းသီးနှံ ခရမ်းချဉ်သီး ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာသို့ (၁၈.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်းခရမ်းချဉ်သီး စိုက်ခင်းသို့ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ ရေလယ်ကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြေနုကျွန်းပေါ်မြေများတွင် နှစ်စဉ်မပြတ် ကုန်စိမ်းသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေထိုင်သော ကျေးရွာဖြစ်ကြောင်း၊ ဆောင်းစိုက် ခရမ်းချဉ်သီးကို စိုက်ဧက မများသော်လည်း နှစ်စဉ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးနှုန်းကောင်းသော်လည်း စိုက်ပျိုးပြီးချိန်တွင် မိုးရွာသွင်းမှုများသောကြောင့် ရေများလျှံ၍ စိုက်ခင်းအတွင်းသို့ ဝင်ရောက်ပြီး စိုက်ခင်းများစွာ ပျက်စီးကြောင်း၊ စိုက်ပျိုးပင်များပျက်ဆီး၍ အသီးအထွက်နှုန်းများစွာ လျော့နည်းသွားကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုး ရာတွင် (ဗမာ)ခရမ်းချဉ်သီးနှင့် (ထိုင်ဝမ်) ခရမ်းချဉ်သီးဟူ၍ (၂)မျိုးစိုက်ကြကြောင်း၊ ယခုနှစ်တွင် (ထိုင်ဝမ်)ခရမ်းချဉ်သီးမျိုးစေ့ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ တစ်ထုပ်ဝယ်ယူလျှင် ငွေကျပ်(၁၈၀၀၀)ပေးဝယ်ရပြီး တစ်ထုပ်ပျိုးလျှင် ပျိုးပင်(၆၀၀) ခန့်ရရှိ၍ (၃)ထုပ်ပျိုးလျှင် ပျိုးပင်(၁၈၀၀)ခန့်ရရှိပြီး  မျိုးစေ့အလေအလွင့် နည်းပါးစေရေးအတွက် ပျိုးခင်းမပြုလုပ်ဘဲ ပျိုးအိတ်ဖြင့်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်ပြီး ကြိုးတန်း၍ ပင်ကြား (၁) ပေခွဲ တန်းခြား (၃)ပေခြား၍ စိုက်ပျိုးကြောင်းသိရှိရပါသည်။

          ဆောင်းခရမ်းချဉ်သီးစိုက်ပျိုးရန်အတွက် စက်တင်ဘာလဆန်းမှ စတင်ပြီး မျိုးစေ့ကို အိတ်ဖြင့် ပျိုးပြီး အောက်တိုဘာလဆန်းတွင် စိုက်ခင်းအတွင်းသို့ရွှေ့၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၁)လ အကြာတွင် အသီးအပွင့်လိုက်၍ နိုဝင်ဘာလလယ်လောက်တွင် အသီးစတင်ခူးဆွတ်ရကြောင်း၊ သက်တမ်းမှာ(၃)လခွဲခန့်အထိ အသီးဆွတ်ခူးရကြောင်း သိရှိရပါသည်၊(၀.၅၀)ဧကအတွက် စိုက်ပျိုးချိန်မှ အပင်သက်တမ်းကုန်ဆုံးချိန်အထိ ခရမ်းချဉ်သီးအထွက်နှုန်းပိဿာမှာ(၁၈၀၀)ခန့် ဆွတ်ခူးရရှိနိုင်ကြောင်း၊ စိုက်ပျိုးထားသော (၀.၅၀) ဧက၏ ခန့်မှန်းကုန်ကျစရိတ်မှာ မျိုးစေ့ဝယ်ယူခ၊ မြေပြင်ပြုပြင်ရန်အတွက် ထွန်စက်ခုတ်ခ၊ နွားရှဉ်းငှားခ၊ အလုပ်သမားငှားရမ်းခ၊ ရေသွင်းရသောကြောင့် စက်ဆီ ဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၅)သိန်းဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ ယခု ခရမ်းချဉ်သီး တစ်ပိဿာပေါက်ဈေးမှာ (၂၃၀၀)ကျပ် ဈေးရရှိပြီး ဆိပ်ဖြူမြို့ပေါ်သို့ သွားရောက် ရောင်းချခြင်းဖြစ်ကြောင်း၊ ချောက်မြို့သို့ သွားရောက်ရောင်းချပါက တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပါကြောင်း၊ ယခင်နှစ် ခရမ်းချဉ်သီးတစ်ပိဿာဈေးနှုန်းမှာ အမြင့်ဈေး (၁၀၀၀)ကျပ်မှ အနိမ့်ဈေး(၂၀၀)ကျပ်အထိ ဖြစ်ကြောင်း၊ ယခင်နှစ်တွင် စိုက်ပျိုးတောင်သူများ ဈေးကွက်နည်းသော်လည်း ယခုအချိန် ဈေးကွက် မှီသောတောင်သူများမှာ အကျိုးအမြတ်များစွာ ရရှိပါကြောင်း၊ စိုက်ပျိုးချိန်မှ သိမ်းချိန်အထိ ခရမ်းချဉ်သီး အထွက်နှုန်းပိဿာ(၁၈၀၀)ခန့် ထွက်ရှိလျှင် ယခုအချိန်လက်ရှိဈေး ငွေကျပ်(၂၃၀၀)ဖြင့် ရောင်းချရပါလျှင် ငွေကျပ်(၄၁)သိန်းဝန်းကျင်ခန့် ဝင်ငွေရရှိပြီး ကုန်ကျစရိတ်မှာ ငွေကျပ်(၅)သိန်းခန့် ကုန်ကျခြင်းဖြစ်ပါ၍ (၀.၅၀)ဧက၏ စိုက်ပျိုး တောင်သူအနေဖြင့် ငွေကျပ်(၃၆)သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံကုန်စိမ်းစိုက် တောင်သူများသည် ယခင်ကနှစ်စဉ်မပျက် စိုက်ပျိုးခဲ့ကြသော်လည်း မိမိတို့ သီးနှံပေါ်စအချိန်တွင်သာ ဈေးအသင့်အတင့်ရရှိပြီး နောက်ပိုင်းတွင် ရောင်းချရသောဈေးနှုန်းမှာ လျော့နည်းသွားသောကြောင့် စိုက်ပျိုးမှုဧကရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးမှု လျော့နည်းပြီး ကုန်စိမ်းသီးနှံမျိုးစုံကို အစားထိုးစိုက်ပျိုးလာကြ ကြောင်း၊ ယခုအချိန်အခါတွင် ကုန်စိမ်းသီးနှံမျိုးစုံမှာ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများအနေ ဖြင့် အကျိုးအမြတ်များစွာ ရရှိနေကြပါကြောင်း၊ ရောင်းဝယ်ဖောက်ကား ကုန်သည်များနှင့် စိုက်ပျိုး တောင်သူမှ တစ်ဆင့်သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)