ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်နေ တိုင်ကြားသူသည် XXXX ကုမ္ပဏီမှ အင်တာနက် Wifi အားရယူသုံးစွဲရာတွင် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး အင်တာနက်လိုင်း ပြတ်တောက်မှု ပတ်သက်၍ ကုမ္ပဏီဘက်သို့ ဖုန်းဆက်ခေါ်ဆိုရာတွင် ခေါ်ဆိုရခက်ခဲခြင်း၊ နစ်နာမှုနှင့်ပတ်သက်၍ ကုမ္မဏီဘက်မှ ကြေညာထားသော အာမခံမှုအတိုင်းအပြည့်အဝမရရှိခြင်း၊ Call Center မှ ကျေနပ် အောင် ဖြေကြားမှုမရှိခြင်းတို့ကြောင့် ၎င်း၏နစ်နာမှုများအတွက် ကုမ္ပဏီ၏ အာမခံချက်အတိုင်း စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိလိုကြောင်း တင်ပြလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိနှင့်စားသုံးရေးရာဌာနခွဲ တာဝန်ခံတို့သည် အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူငြင်းပွားတိုင်ကြားလာမှုအပေါ်၁၁-၁၀-၂၀၂၃ ရက် နေ့၊နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်ကြားသူနှင့် ဝန်ဆောင်မှုပေးသူ လုပ်ငန်းရှင်တို့အားခေါ်ယူတွေ့ဆုံ၍ အငြင်းပွားမှုအား ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့နှစ်ဦးနှစ်ဘက်ခေါ်ယူတွေ့ဆုံ၍ဖြေရှင်းဆောင်ရွက်ပေးရာတွင် ဝန်ဆောင်မှုပေးသူ XXXX ကုမ္ပဏီကိုယ်စားဘားအံရုံးခွဲတာဝန်ခံမှ စားသုံးသူနစ်နာမှုများအဆင်မပြေမှုများအတွက် တောင်းပန် ပါကြောင်း၊ အင်တာနက်ဝန်ဆောင်မှုပြတ်တောက်ချိန် ကြားကာလရက်များအတွက် ပြန်လည် အစားထိုးပေးနိုင်ရေးအတွက် ကုမ္ပဏီသို့ တင်ပြ၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် Wifi မီးနီ၍ လိုင်းမတက်ခြင်းအတွက် ချက်ခြင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သဘောတူညီမှုများကို ဌာနမှနှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပေးနိုင်ခဲ့သည်။
ထို့နောက် ၁၁-၁၀-၂၀၂၃ ရက်နေ့ ၁၇၀၀ နာရီအချိန်တွင် ကုမ္ပဏီဘက်မှ စားသုံးသူထံဆောင်ရွက်ပေးမည့် နစ်နာမှုများအတွက် စားသုံးသူ(သုံးစွဲသူ)၏ Wifi ငွေပေးသွင်းပြီး သက်တမ်းကျန် ၁၁ ရက်အတွက် ပြန်လည်သုံးစွဲနိုင်ရန် အစားထိုးရက် ပြည်လည်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် Wifi ပြတ်တောက်သည့်ကာလ ၁ လစာအား အခမဲ့အသုံးပြုခွင့်ကိုလည်း ပေးအပ်ခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြခဲ့မှုအပေါ် တိုင်ကြားသူဘက်သို့ ပြန်လည်ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေရှင်းဆောင်ရွက်ပေးမှုများအပေါ် ကျေနပ်မှုရှိပါကြောင်း ပြန်ကြားခဲ့သည့်အတွက် အမှုကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(ကရင်)