တောင်ငူမြို့နယ်တွင် ကုမ္ပဏီနှင့်အကျိုးတူ‌ပူးပေါင်း၍ စိုက်ပျိုးသော ဂျပန်ရုံးပတီသီး အကျိုးဖြစ်ထွန်းလျက်ရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန်ကျေးရွာရှိ ဂျပန်ရုံးပတီသီးစိုက်ပျိုးသော တောင်သူကြီးများဝင်ငွေတိုးကာ အကျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လ ၅ရက်နေ့တွင် Nilar Forzen Foods Co.,Ltd မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များသည် ခပေါင်းတိန်ကျေးရွာရှိ တောင်သူကြီးများနှင့်တွေ့ဆုံ၍ ဂျပန်ရုံးပတီသီးများစိုက်ပျိုးကြရန်အလို့ငှာ ဆွေးနွေးခဲ့ကြပါသည်။

       NFF ကုမ္ပဏီက စိုက်ပျိုးရန်မျိုး၊ သွင်းအားစုများကို ကြိုတင်ထုတ်ပေးထားပါသည်။ စိုက်ပျိုးရန်လိုအပ်သည့် နည်းပညာအတွက် စိုက်ပျိုးရေးပညာရှင်နှစ်ဦးထားရှိပေးပါသည်။ သီးနှံ ပေါ်ချိန်တွင် ကုမ္ပဏီမှသတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ဈေးပေးဝယ်ယူမည်ဖြစ်ပါသည်။ ကုမ္ပဏီမှဖြန့်ဖြူးထားသည့် မျိုး၊ သွင်းအားစုနှင့် ဆေးများကိုသာအသုံးပြုရပါသည်။ မျိုး၊ သွင်းအားစုနှင့် ဆေးဖိုးများကို ချက်ချင်းပေးရန်မလိုဘဲ ရုံးပတီသီးဝယ်ယူသည့်အချိန်တွင် ခုနှိမ်ပေးသွားမည်ဖြစ်ပါသည်။

       ခပေါင်းတိန်ကျေးရွာရှိ တောင်သူလယ်သမား ၁၆ဦးမှာ ရုံးပတီသီး ၂၄ဧကစိုက်ပျိုးထားပါသည်။ NFF ကုမ္ပဏီနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများအနေဖြင့် နှစ်ဦးသဘောတူ ရုံးပတီသီးရောင်းဝယ်ရေးဝန်ခံကတိစာချုပ်ချုပ်ဆိုရပါသည်။ မျိုးစေ့ထုတ်ပေးသည့်အချိန်တွင် ပျိုးထုပ်ဖြင့် စတင်စိုက်ပျိုးပါသည်။ ပျိုးထုပ်အတွင်း ၁၅ရက်သားခန့်ရှိသော အပင်ပေါက်များကို မြေပြုပြင်ထားသည့် အခင်းအတွင်း၌ ပင်ကြား၊ တန်းကြား (၁.၅ပေ×၃ပေ) တစ်ဧကဝင်ဆန့်သောအပင်ရေ ၇၀၀၀၊ ၈၀၀၀ပျိုးပင်ပေါက်များကိုစိုက်ပျိုးကြပါသည်။

       စိုက်ပျိုးပြီး ၂၅ရက်သားခန့်တွင် ပထမအကြိမ်အဖြစ် ပေါင်းမြက်ရှင်းပေးရပါသည်။ ရုံးပတီသီးတစ်ဧကလျှင် သဘာဝမြေဩဇာ ၃တန်၊ ဇီဝမြေဩဇာ ၃အိတ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) တစ်အိတ်၊ ယူရီးယားတစ်အိတ်ထည့်သွင်းပေးရပါသည်။ စိုက်ခင်းအတွင်း ၄၅ရက်သားရှိပါက အသီးများစတင်ဆွတ်ခူးနိုင်ပါသည်။ ရုံးပတီသီးများကိုခူးဆွတ်သည့်အခါ နံနက် (၁၁း၀၀)နာရီနောက်ဆုံးထား၍ ခူးဆွတ်ပေးရပါသည်။ နှစ်ရက်လျှင်တစ်ကြိမ် အသီးများခူးဆွတ်နိုင်ပါသည်။

    အကျိုးတူစိုက်ပျိုးထားသည့် ရုံးပတီသီးများကို သဘောတူစာချုပ်ပါအတိုင်း ပြင်ပသို့ ရောင်းချခြင်းမပြုရပါ။ ၆.၉စင်တီတာဆိုဒ် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ၉ စင်တီမီတာမှ ၁၃ စင်တီမီတာအတွင်း တစ်ပိဿာလျှင် ၇၀၀ကျပ်ဟုသတ်မှတ်ပြီး ကုမ္ပဏီမှဝယ်ယူပါသည်။ သတ်မှတ်စံချိန်စံညွှန်းမီရမည်ဖြစ်ပါသည်။ NFF ကုမ္ပဏီသည် တောင်သူများကို ကြိုတင်ထုတ်ပေးထားသည့် မျိုး၊ သွင်းအားစုနှင့် ဆေးဖိုးများကို ၈ကြိမ်ခွဲပြီး အရစ်ကျခုနှိမ်ပါသည်။ ကျေးရွာအထိဆင်းပြီး ဝယ်ယူပေးပါသည်။ တနင်္ဂနွေ့နေ့တွင် အဝယ်နားပါသည်။

    ရုံးပတီသီးတစ်ဧကစိုက်ပျိုးထားသူ ဦးလှစိုးမှာ ရုံးပတီသီးပိဿာ ၁၉၀၀ခန့်ထွက်ရှိသည်ဟုသိရပါသည်။ တစ်ပိဿာ ၁၅၀၀ကျပ်ဖြင့်ရောင်းချပါက ၂၈၅၀၀၀၀ကျပ်ရရှိပြီး မျိုး၊ သွင်းအားစုနှင့် လုပ်သားခ ၁၀၀၀၀၀၀ကျပ်နုတ်ပါက အမြတ်ငွေ ၁၈၀၀၀၀၀ကျပ်ရရှိမည်ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်များကို ကုမ္ပဏီမှ အကြံပြုပေးခြင်း၊ စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပေးခြင်း၊ ကျေးရွာအထိဆင်း၍ဝယ်ယူခြင်း စသည့်အားသာချက်များရှိခြင်းကြောင့်  NFF ကုမ္ပဏီနှင့်တောင်သူလယ်သမားများ အကျိုးတူစိုက်ပျိုးထား‌ကာ ဂျပန်ရုံးပတီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)