ပြည်ဈေးကွက်၌ နံနံပင်ဈေးများမြင့်တက်လာ

Powered by Drupal

      နံနံပင်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ဇွန်လနှင့် ဇူလိုင်လတွင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင်လည်း စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ကြောင်း သိရပါ သည်။ နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြပြီး ဟင်းချက်ရာတွင်လည်းကောင်း၊ အသုပ်သုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ လူအများ စားသုံးမှု များသဖြင့် နံနံပင်ဈေးမှာ ပြည်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်သို့  နံနံပင်များကို ပြည်မြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြသလို ပေါင်းတလည်၊ ခွေးရဲ ကျေးရွာ ဖက်မှလည်း လာရောက်ရောင်းချ ကြောင်း သိရပါသည်။ ယခုအချိန် ပြည်ဈေးကွက်သို့ လာရောက်ရောင်းချသော နံနံပင်ဈေးများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ၌ နံနံပင်ဈေးနှုန်းမှာ တစ်ပိဿာ ၁၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုနှစ်တွင် ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ နံနံပင်ဈေးများ မြင့်တက်လာရခြင်းမှာ ပြည်မြို့တွင် နံနံပင်ကို ဆောင်းရာသီ၌သာ စိုက်ပျိုးကြပြီး မိုးရာသီတွင် အနည်းငယ်သာ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းနည်း၍ စားသုံးမှုများသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)