ပခုက္ခူမြို့၌ ရာသီစာ “မှိုအုန်းနက်” များ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

   မှိုသည် အများအားဖြင့် ပူနွေးသောရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသောမိုးဥတုသို့အကူးတွင် သစ်ပင်၊ ဝါးပင်၊ တောင်ပို့နှင့် အခြားစိုစွတ်သောမြေအချို့တွင် ပေါက်တတ်ကြပါသည်။ ရာသီစာ မှိုအုန်းနက်များကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အနီးရှိ ကမ္မမြို့၊ မြစ်ခြေမြို့၊ မြိုင်မြို့နယ်နှင့် ကမ္မနှင့်မြိုင်မြို့နယ်ကြားရှိ အိုရင်းကျေးရွာများမှအများဆုံးထွက်ရှိပြီး ပခုက္ကူမြို့မဈေးကြီးအနောက်ဘက်နှင့်ပန်းခြံရှေ့တွင် လာရောက်ရောင်းချလျက်ရှိပါသည်။

     မှိုအများအပြားရှိသည့်အနက် စားသင့်သော“မှို”နှင့် မစားသင့်သော“မှို”များလည်းရှိပြီး စားသင့်သော “မှို”များမှာ ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို၊ ဖက်ဆွတ်မှို (မှိုဖြူလေး)၊ မှိုဖြူ၊ မှိုအုန်းနက်၊ သရက်မှိုများဖြစ်ပြီး မစားသင့်သော“မှို”များမှာ ကြက်ခူမှို၊ မှိုကွန်ချာ၊ ခွေးလေးမှိုနှင့် နွားခြေးမှိုတို့ဖြစ်ကြသည်။ ထို့ပြင် တချို့မှိုများမှာ စားသင့်သောမှိုများဖြစ်သော်လည်း အဆိပ်သင့်စေသောကြောင့် အဆိပ်ပြေစေရန်အတွက် ကန်စွန်းရွက်များ၊ ဆီးဖြူသီးများထည့်၍ ချက်စားသင့်ပါသည်။

     ပခုက္ကူမြို့တွင် မှိုအုန်းနက်နှင့် ကောက်ရိုးမှိုများကိုသာအများဆုံးစားသုံးကြပြီး ကောက်ရိုးမှိုကို ရာသီမရွေးစားသုံး၍ မှိုအုန်းနက်များကိုမူ ရာသီစာအဖြစ် တစ်နှစ်တစ်ခါကြိုက်နှစ်သက်စွာစားသုံးကြသည်။ ရာသီစာဖြစ်သော မှိုအုန်းနက်များ၏ဈေးနှုန်းများမှာ အပွင့်ဈေးတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) ရှိပြီး အဖူးဈေးမှာ ကျပ်(၂၀၀၀၀)ရှိကြောင်း၊ အပွင့်အကျိုးအကြေများကိုလိုက်၍လည်း ဈေးအနည်းအများရှိကြောင်း၊ အချိန်မရွေး ဈေးနှုန်းပြောင်းလဲမှုများလည်းရှိလျက် အရောင်းအဝယ်ဖြစ်၍ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)