မင်းဘူးမြို့၏ ရာသီပေါ် ဩဇာသီးဈေးနှုန်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင်ရောင်းချနေသော ဩဇာသီးများကို ထောက်ရှာပင်ကျွဲသုံးမြှောင်ကျေးရွာဩဇာခြံမှဝယ်ယူ၍ မင်းဘူး-မကွေးလမ်းဘေး၌ ရောင်းချသည်ကိုတွေ့ရှိရပါသည်။ ဩဇာသီးများသည် တော်သလင်းလနှင့် သီတင်းကျွတ်လများတွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်ပါသည်။

    ဩဇာပင်များကို အစေ့ပျိုးနည်းဖြင့်လည်းကောင်း၊ အကိုင်းကိုမြေထုပ်ဆွဲနည်းဖြင့်လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်းကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍သာစိုက်ပျိုးလေ့ရှိကြပါသည်။ ဩဇာသီးမှာ ရာသီအလိုက်ပေါ်သော သစ်သီးဝလံမျိုးဖြစ်ပြီး ချိုချိုအေးအေး၊ အရသာလေးသောဩဇာသီးကို အများပြည်သူတို့က ခုံခုံမင်မင်ဝယ်ယူစားသုံးကြပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက်အမျိုးမျိုးရှိကြပြီး အကြီး(၁)လုံးလျှင် ကျပ်(၇၀၀)၊ အလတ်(၁)လုံးလျှင် ကျပ်(၅၀၀)၊ အငယ်(၁)လုံးလျှင် ကျပ် (၃၀၀)ဖြင့်ရောင်းချပြီး အလုံးသေးလျှင် ကျပ်(၁၀၀၀)ဖိုး (၃/၄)လုံးထိရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မြန်မာဆေးကျမ်းများအရ ဩဇာသီးသည် အေး၏။ သွေးအားကိုတိုးပွားစေ၏။ နှလုံးကိုအကျိုးပြု၏။ ပူလောင်ခြင်း၊ လေပူရောဂါ၊ သွေးအန်ရောဂါနှင့် နှာခေါင်းသွေးယိုခြင်းများလည်းသက်သာစေပါသည်။ ထို့ကြောင့် ဩဇာသီးသည် အရသာချိုခြင်း၊ အာဟာရဓာတ်ပြည့်ဝခြင်း၊ အသီးအရွက်၊ အပင်အခေါက်ပါ ဆေးဖက်ဝင်သောအပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)