ပြည်ဈေးကွက်အတွင်းမှ ကောက်ညှင်းကျည်ထောက်များ

Powered by Drupal

    ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်ပါသဖြင့် ပြည်ဈေးကွက်အတွင်းသို့ ဇီးကုန်း၊နတ္တလင်း၊ ပေါင်းတည်၊ ဆင်မြီးဆွဲမြို့များမှ ကောက်ညှင်းကျည်ထောက်သည်များ စတင်ဝင်ရောက် ရောင်းချလျက်ရှိပါသည်။ ကောက်ညှင်းကျည်ထောက်ပြုလုပ်မည်ဆိုလျှင် ကောက်ညှင်းကျည်ထောက်ကို တင်းဝါးဖြင့်ပြုလုပ်ပြီး ကောက်ညှင်းကို မိုးရာသီမှာစိုက်ထားရပါသည်။ ဝါးကို တစ်ပိုင်း၊ တစ်ပိုင်းခုတ်ထားရပြီး ကောက်ညှင်းကိုတော့ ငါးနာရီ၊ ခြောက်နာရီ ရေစိမ်ထား၍ နောက်ဆုံးခုတ်ထားသောဝါးများအတွင်းသို့ စိမ်ထားသော ကောက်ညှင်းများကို ထည့်ရပါသည်။ ကောက်ညှင်း များထည့်ပြီးပါက ဝါးကျည်ထောက်၏ခေါင်းကို ကောက်ရိုးဖြင့် စို့ထားပြီး ကောက်ညှင်းစိမ်ထားသော ရေကို ဝါးကျည်ထောက်အပြည့်ဖြည့်၍ ဝါးကျည်ထောက်ခေါင်းကို ကောက်ရိုးဖြင့်ကျစ်ကျစ်ကလေး စို့ကာ မီးဖုတ်ရန် တိုင်နှစ်တိုင်ထောင်၍ မြေကိုနက်နက်တူးပြီး အပေါ်မှ ဝါးတင်ပြီး ဝါးကျည်ထောက်မလဲကျရအောင် ကြက်ခြေခတ်ထောင်ထားရပါမည်။ ဝါးကျည်ထောက်များကို မီးဖုတ်ရာတွင် ကောက်ရိုးမီးကို အသုံးပြုကြပါသည်။  ဝါးနှစ်ခုကြားတွင် ကောက်ရိုးကို အပြည့်ထည့်ပြီး အပေါ်ထိရောက်အောင် ဖုန်းကာ မီးဖုတ်ရပါသည်။ မီးဖုတ်ရာတွင် အချိန်တစ်နာရီကျော်ကျော် မီးဖုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါသည်။ ပြည်မြို့ ရွေဆံတော်စေတီတော်မြတ်ကြီး၏ ခြေတော်ရင်း၌ ရောင်းချလျက်ရှိသော ကောက်ညှင်းကျည်ထောက် ဈေးနှုန်းများမှာ အကြီးတစ်ချောင်းလျှင် (၄၀၀၀) ကျပ်၊ အလတ်တစ်ချောင်းလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်ချောင်းလျှင် (၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)