ပြည် ဆိတ်ဖူးဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့တွင် ယခုမိုးနှောင်းကာလ၊ တော်သလင်းလနှင့် သီတင်းကျွတ်လတွင် အရောင်းအဝယ်ဖြစ်နေသည့် ရာသီစာဆိတ်ဖူးများ ရောင်းချလျက်ရှိပါသည်။ ဆိတ်ဖူးပင်သည် ဂျင်းမျိုးရင်းအနွယ်ဖြစ်သည်။ ရွှေပန်း၊ ငွေပန်းပင်နှင့် အလွန်ဆင်သည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တိုင်းရင်းဆေးဖက်ဆိုင်ရာနှင့် အချက်အပြုတ်ဆိုင်ရာ ကိစ္စရပ်များတွင် အဓိကထားအသုံးပြုကြသည်။ ပြည်မြို့၏ အနီးတဝိုက် အနောက်ဖက်ကမ်း၊ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာ၊ ဆင်တဲရွာနှင့် မှော်ဇာကျေးရွာအနီးတဝိုက်တွင် ဆိတ်ဖူးများ တနိုင်တပိုင် စိုက်ပျိုးသူများမှ ပြည်ဈေးကွက်သို့လာရောက်ရောင်းချလျက်ရှိပါသည်။ ဆိတ်ဖူးကို အတို့အမြှုပ်အဖြစ် စားကြသလို ဟင်းချိုဟင်းအဖြစ်ချက်ပြုတ်စားသောက်ကြပြီး ဆိတ်ဖူးကို ထောင်းကာ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့နှင့်တွဲဖက်၍ ကြော်စားကြကြောင်း သိရပါသည်။ ဆိတ်ဖူး၏ အရသာမှာ ပူရှိန်းရှိန်းအရသာရှိပြီး ဆိတ်ဖူးသည် အခိုးပွင့်စေခြင်း၊ ခံတွင်းလိုက်ခြင်းနှင့် ရာသီအကူးအပြောင်း ဖျားနာမှုများကို ခံနိုင်ရည်ရှိခြင်းကြောင့် ပေါ်ဦးပေါ်ဖျား ဖြစ်သော်လည်း အဝင်ရှိသလောက် ဝယ်ယူစားသုံးကြကြောင်း သိရပါသည်။ ပြည်မြို့ပေါ်ဈေးများတွင် ဆိတ်ဖူး (၅)ချောင်းပါ တစ်စည်းလျှင် (၂၀၀)ကျပ်ခန့်ရှိပြီး (၁၀)ကျပ်သားလျှင် ကျပ် (၄၀၀)ခန့်ဖြင့် ရောင်းချမှုရှိ၍ ရှားပါးချိန်တွင် တစ်စည်းလျှင် (၅၀၀)ခန့်ထိ ရောင်းချမှုရှိကြောင်းသိရပါသည်။ အဝင်အားဖြင့် ပိဿာချိန် (၅၀)ကျပ်သားခန့်ဝင်ရောက်မှုရှိပြီး အစည်းအားဖြင့် (၂၅)စည်းခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)