မျှစ်ချိုများအနည်းငယ်ရှားလာ၍ ဈေးကွက်အတွင်းဈေးအနည်းငယ်ပိုလာ

Powered by Drupal

   ပြည်မြို့ ဟင်းသီးဟင်းရွက်ဈေးကွက်မှာ အသီးအရွက်မျိုးစုံရောင်းချလျက်ရှိပြီး ချဉ်ပေါင်၊ ကန်စွန်းပြုတ်၊ ခရမ်းချဉ်၊ မျှစ် စသည်ဖြင့် အမည်မျိုးစုံနေ့စဉ်ရောင်းချနေကြပါသည်။ မျှစ်မှာ မျှစ်စပ်၊ မျှစ်ချဉ်နှင့် မျှစ်ချိုဆိုပြီး ရှိကြပါသည်။ ပြည်မြို့ ဈေးများအတွင်း ရောင်းချနေသော မျှစ်များမှာ ပြည်မြို့ အနီးတစ်ဝိုက်ကျေးရွာများမှ လာရောက်ရောင်းချကြသည့်အပြင် ရွှေတောင်ဘက်မှလည်း လာရောက်ရောင်းချကြကြောင်း ၊ မျှစ်စပ် တစ်ပိဿာလျှင် (၇၀၀၀/၈၀၀၀)ကျပ်ဈေး ရှိပြီး မျှစ်ချို ခေါ် မျှစ်ပြုတ်များမှာတော့ ယခုရာသီ အနည်းငယ်ရှားလာပြီဖြစ်လို့ တစ်ပိဿာ (၄၅၀၀) ကျပ်၊ မျှစ်နု ထွင်းပြီးသားဆိုပါက တစ်ဆယ်ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၇၀၀)ကျပ်ဖြင့် ရောင်းချနေကြကြောင်း သိရပါသည်။ ယခုကာလတွင် မျှစ်ပြုတ်များမှာ အချိုအရသာဖြင့်သာ ဝယ်ယူစားသုံးကြသော်လည်း ဆောင်းကုန်၊ နွေရာသီ မျှစ်အစိုမပေါ်ခင်ကာလများမှာတော့ မျှစ်နုပေါ်ချိန် ဈေးကွက်အတွင်း အဝင်များချိန် ဝယ်ယူ၍ ဆားရည်ဖြင့်စိမ်ကာ စီးပွားဖြစ်ဝယ်ယူသိုလှောင်ကြပါသည်။ ထိုမျှစ်များမှာ ဈေးကွက်အတွင်း ရောင်းချမှုရှိကြသည့်အတွက် ၎င်းရာသီတွင် စားသုံးကြရသည့် မျှစ်များမှာ အချိုအရသာထက် အငန်အရသာများသာ ဖြစ်ပါသည်။ ယခုကာလ အိမ်ရှင်မများအနေဖြင့် မျှစ်ချို များကို ချဉ်ပေါင်ရွက်၊ ရုံးပတီသီးတို့ဖြင့် ချဉ်ရည်ဟင်းအဖြစ် တစ်မျိုး၊ ပဲပြုတ်နှင့် မျှစ်ချိုအား ကြော်ကာတစ်ဖုံ၊ သီးစုံဟင်းများတွင်လည်း ထည့်၍ တစ်မျိုး၊ ချက်ပြုတ်စားသုံးကြတာကြောင့် မျှစ်ကြိုက်သူများအနေဖြင့် တန်ဖိုးရှိသော ဟင်းလျာတစ်ခုအဖြစ် ထမင်းဝိုင်းတွင် ပါဝင်နေသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကြောင်း ရေးသားရပါသည်။

DOCA(ပဲခူး)