ပေါ်ဦးပေါ်ဖျား ပြည်ခရမ်းမီးအုန်းသီး

Powered by Drupal

    ပြည်မြို့ပေါ်ဈေးများသို့ ၂၀၂၃ခုနှစ်၊အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး ခရမ်းမီးအုန်းသီးများ စတင်ဝင်ရောက်မှုရှိလာပြီး ခရမ်းမီးအုန်းအဖြူသီးများသာ ဈေးကွက်အတွင်း ရောင်းချမှုရှိနေကြကြောင်း သိရပါသည်။ မြန်မာနိုင်ငံရာသီဥတုအနေဖြင့် ခရမ်းသီးပင်များအတွက် သင့်တော်သောရာသီဥတုရှိပြီး နေရာဒေသအနှံ့အပြား စိုက်ပျိုးလျက်ရှိရာ ယခုထွက်ရှိသော ခရမ်းသီးမီးအုန်းသီးမှာ ပြည်မြို့နယ်၊ တောင်ခွေးရဲအုပ်စုနှင့် ပေါင်းတလည်၊ ပုတီးကုန်း၊ သဲကုန်းဘက်တို့မှ ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် တစ်ပတ်လျှင် အလုံး (၃၀)ခန့်သာ ဝင်ရောက်မှုရှိပြီး ပေါ်ခါစဖြစ်သောကြောင့် အဝယ်လိုက်နေကြောင်း သိရပါသည်။

  ခရမ်းသီးမီးအုန်းအဖြူသီးများတွင် ဗီတာမင် အမျှင်ဓါတ်များပါဝင်သည်။ အဆီဓါတ်မပါဝင်သည့်အတွက် ကိုယ်အလေးချိန်ကျချင်သူများအတွက် အသုံးဝင်၍ အချို့လေရောဂါအခံရှိသူများ အများအပြားစားသုံးပါက အစာမကြေ လေထိုးလေအောင့်ဖြစ်တတ်ကြောင်း သိရပါသည်။ ခရမ်းသီး မီးအုန်းအဖြူသီးကို အတွင်းသားများအထဲပါနှပ်အောင် မီးအေးအေးဖြင့် မီးအုန်းကာ ကြက်သွန်နီ၊ နံနံပင်၊ နှမ်း၊ ဆီ၊ ဆား၊ အချိုမှုန့်တို့ဖြင့် ရောနှယ်ပြီးသုပ်၍ စားကြပါသည်။ ခရမ်းသီးမီးအုန်းကို ကြက်ဥ၊ ဘဲဥတို့ဖြင့်လည်း ကြော်စားကြပါသည်။

  ပြည်မြို့ပေါ်ဈေးများတွင် ခရမ်းဖြူသီးတစ်လုံးလျှင် ပေါ်ဦးပေါ်ဖျားဖြစ်၍ တစ်လုံးလျှင် (၈၀၀)မှ (၁၀၀၀)ကျပ်အထိ ရောင်းချကြပြီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ်သာ ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)