ရွှေတောင်ဒေသထွက် မာလကာသီးအရောင်းအဝယ်ဖြစ်

Powered by Drupal

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် မာလကာသီးကို စီးပွားဖြစ် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ မာလကာသီးစိုက်ပျိုးသူတောင်သူမှ မာလကာပင်ကို ၅၀၀ကျပ်ဖြင့် အပင် ၁၀၀ ဝယ်ယူ၍စိုက်ပျိုးကြောင်း သိရပါသည်။ မာလကာပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ၈ပေခြား၍ စိုက်ပျိုးရပြီး စိုက်ပျိုးသည့်အခါ မြေကျင်းကို တစ်ပေခွဲပတ်လည် အနက် ၂ပေတူးပြီး မြေကျင်းနက်ပါက ပိုကောင်းကြောင်း သိရှိရပါသည်။ မြေကျင်းကိုပိုးသတ်ပြီး စိုက်ပျိုးပင်ကိုစိုက်သည့်အခါ မြေလုံးကိုမကွာစေရန် အောက်ခြေကို ဓါးနှင့်ဝိုက်ဖြတ်ပြီး အထုပ်အတိုင်း ထည့်ပြီးမှ ပလတ်စတစ်ကိုအသာအယာဆွဲထုတ်ရပါသည်။ အမြစ်စွဲစေရန် အပင်အားဈေး နို့ဆီဘူး၂ခွက်အား လောင်းထည့်ပေးရပါသည်။ မာလကာပင်မှ လောက်စာလုံးလောက် အသီးများ ထွက်လာပါက ပလတ်စတစ်နှင့်အထုပ်ထုပ်ရပါသည်။ (၃)လခန့်ကြာမြင့်လာပါက မာလကာသီးများကိုစတင်ခူးဆွတ်ရပြီး တစ်ခါခူးလျှင် အလုံး(၃၀၀)ခန့်ခူးဆွတ်ရရှိပြီး ထွက်ရှိလာသော အသီးများကို ဒိုင်များမှ ခြံထဲသို့ လာရောက်ဝယ်ယူကြပြီး တစ်လုံးလျှင် ဖောက်သည်ဈေး ၂၅၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မာလကာခြံပိုင်ရှင်များမှ ဈေးများသို့ ကိုယ်တိုင်သွားရောက်ပြီး ရောင်းချကြ၍ တစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မာလကာပင် စိုက်ပျိုးရာတွင် အရင်းအနှီးအနေဖြင့် ၂သိန်းကျပ်ခန့် ကုန်ကျပြီး နှစ်ရှည်သီးနှံဖြစ်၍ နှစ်စဉ် ဝင်ငွေများရရှိသော သီးနှံဖြစ်၍ စိုက်ပျိုးသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)