Top Dairy Farm နို့စားနွား မွေးမြူရေးခြံမှ နို့နှင့် နို့ထွက် ပစ္စည်းများကို Dairy Products အမည်ဖြင့် ဈေးကွက်ရရှိ

Powered by Drupal

          Top Dairy Farm ထိပ်တန်းနို့စားနွား မွေးမြူရေးခြံသည် ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန်၊ ပုသိမ်ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၇/၄)တွင် တည်ရှိပြီး ခြံအကျယ်တစ်ဧကနှင့် စားကျက် ၅.၅ဧကရှိသည့် မွေးမြူရေးခြံတစ်ခြံဖြစ်ပါသည်။

ယင်းခြံအား ဦးမြတ်သိန်းထွန်းက ၂၀၁၇ခုနှစ် ဇန်နဝါရီလမှစ၍ ရင်းနှီးမြုပ်နှံမှုတန်ဖိုး ကျပ်သန်း (၂၅၀)ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်သားအင်အား (၂၃)ဦးခန့်ရှိခဲ့ပြီး ၂၀၁၆၊ ၂၀၁၇ခုနှစ်တွင် ဖရီရှန်(Holstein Friesian)အမျိုးအစား နို့စားနွားမ အကောင်ရေ(၃၀)ဖြင့် စတင်မွေးမြူခဲ့ရာ နှစ်စဉ်တိုးပွားမွေးမြူ၍ လက်ရှိအချိန်တွင် နို့စားနွား (၉၃)ကောင်အထိ တိုးပွားမွေးမြူနိုင်ခဲ့ကြောင်းသိရသည်။

          နို့ထုတ်ယူပုံမှာ နို့ပေးနွားမ (၃၀)ကောင်မှ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ၎င်းနို့များအား၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ School Milk Program ဖြင့် ငှားယူထားသော ပေါင်းခံစက်နှင့် ပေါင်းခံထုတ်လုပ်လျက်ရှိကြောင်း၊ Top Dairy Products အမည်ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းသိရသည်။

          ထုတ်လုပ်သော နို့ထွက်ပစ္စည်းအမျိုးအစားများမှာ (က) နို့စိမ်း(Fresh Milk)၊ (ခ) နို့ပေါင်း (Pasteurized Milk)၊ (ဂ) အဆီထုတ်နို့ပေါင်း (Low Fat Pasteurized Milk)၊ (ဃ) ဒိန်ချဉ် (Yogurt)၊ (င)အဆီထုတ်ဒိန်ချဉ် (Law Fat Yogurt)တို့ ဖြစ်ကြောင်း Top Dairy Farm နို့စားနွားမွေးမြူရေးခြံသို့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ ကွင်းဆင်းလေ့လာခဲ့မှုအရ သိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်လွင်က MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော လုပ်ငန်းများ၏ မတည်ရင်းနှီးငွေလိုအပ်ချက်များနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ဈေးကွက်အတွင်းအမည်ရရှိထားသော နို့စိမ်း၊ နို့ပေါင်း၊ အဆီထုတ်နို့ပေါင်း၊ ဒိန်ချဉ်နှင့် အဆီထုတ်ဒိန်ချဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၏ အရည်အသွေးမြင့်ထုတ်ပိုးမှုစနစ်နှင့် ဈေးကွက်ရရှိနိုင်ရေး၊ လုပ်ငန်းများတို့ချဲ့နိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

          Top Dairy Farm နို့စားနွားခြံမှ ထွက်သော နို့နှင့် နို့ထွက်ပစ္စည်းများသည် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းများပါ ကြိုက်နှစ်သက်ကြပြီး အသင့်စားနို့ဗူးများကို စားသောက်ဆိုင်များ စတိုးများ၊ City Markများတွင် အလွယ်တကူဝယ်ယူသောင်းသုံးနိုင်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းအောင် ဦးစားပေးထုတ်လုပ်ထားသော ကုန်စည်ဖြစ်ပြီး သောက်သုံရန်သင့်သော အစားအစာဖြစ်၍ ဈေးကွက်ရရှိလာမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)