၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ၊ နွေစပါးစိုက်တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းထုတ် ချေးငွေအကြံပေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး(ရုံးချုပ်)၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအစီအစဉ်တွင် ကော့မှူးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးတင်မောင်သိန်းက ချေးငွေထုတ်ချေးပေးရသည့်ရည်ရွယ်ချက်နှင့် ချေးငွေထုတ်ချေးရာတွင် တောင်သူလယ်သမားဘက်မှ လိုက်နာရမည့်စည်းကမ်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) မူရင်းကိုတင်ပြမှသာ ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ကျေးရွာအုပ်စု (၃၅) အုပ်စုနှင့် ချေးငွေစုစုပေါင်း ကျပ် (၃၇၅) သိန်းထုတ်ချေးပေးမည်ဖြစ်ပြီး၊ အောက်တိုဘာလ ၁၇ရက်နေ့တွင် ကျွဲလတောကျေးရွာ၌ စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝကလည်း ချေးငွေများထုတ်ချေးရာတွင် ဆောင်းသီးနှံ၊ နွေစပါးအမှန်တကယ်စိုက်ပျိုးထုတ်လုပ်နေသော တောင်သူများထံသို့ထုတ်ချေးနိုင်ရေး၊ အချိန်မီ တောင်သူများလက်ဝယ် အမြန်ဆုံးထုတ်ချေးနိုင်ရန် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အနေဖြင့် စီမံကိန်းဧကကို ကျေးရွာအလိုက် ပြုစုပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားဆွေးနွေးခဲ့ကြောင်းသိရပါသည်။
ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းထုတ်ချေးငွေအကြံပေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ တိ၊ မွေးကုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့တက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)