ဖွဲနုဈေးကွက်နှင့် ဖွဲနုတွင်ပါဝင်သောအာဟာရတန်ဖိုးများ

Powered by Drupal

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး စပါးကိုအဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်ပါသည်။   စပါးများကို ခေတ်မီဆန်စက်များတွင် ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်၊ဆန်ကွဲ၊  ဖွဲနု၊ ဖွဲကြမ်းများကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုလျက်ရှိကြသည်။ ဆန်သည် လူတို့အတွက် အရေးအကြီးဆုံး အဟာရဖြစ်ပြီး ဖွဲနုသည်လည်း တိရိစ္ဆာန်များအတွက် အစားအစာအဖြစ် အသုံးပြုရသည်။   ငါး၊ကြက်၊ဝက်၊ နွားနှင့် အိမ်မွေးတိရိစ္ဆာန်များအတွက် အရေးပါသည့် အစားအစာတစ်မျိုးဖြစ်သည်။

       ဖွဲနုတွင်ပါဝင်သော အာဟာရတန်ဖိုးများမှာ ပရိုတင်း၊ ဖိုင်ဘာနှင့် စွမ်းအင်တို့မြင့်မားစွာ ပါဝင်ပြီး ဗိုက်တာမင်နှင့် သတ္တုဓါတ်များလည်း များစွာပါဝင်ကြောင်း သိရသည်။ ထို့အပြင် အစာကြေ  ညက်လွယ် ခြင်း၊အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေခြင်းနှင့် Antioxidant တို့ပါဝင်သည့် အတွက် တိရစ္ဆာန်များ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ သို့သော် ဖွဲနုသည် အဆီထုတ်ထားသည့် ဖွဲနုမဟုတ်ပါက အဆီဓါတ်မြင့်မားစွာ ပါဝင်နေမည်ဖြစ်ပြီး အဆီမထုတ်ထားသော ဖွဲနုများကို ကာလကြာရှည်စွာ မလှောင်ထားသင့်ပဲ လျင်လျင်မြန်မြန် အသုံးပြုသင့်ပါသည်။ အဆီထုတ်ထားသောဖွဲနုဖြစ်ပါက ကြာရှည်စွာ သိုလှောင်ထားနိုင်ပါသည်။ သို့သော် ဖွဲနုတွင် သတ္တုဓါတ်များ စုပ်ယူမှုကို အဟန့်အတားဖြစ်စေသည့် Phytate ပါဝင်မှုမြင့်မားသည့်အတွက် Phytate ကိုချေဖျက်ဖြိုခွဲပေးနိုင်သည့် Phytate Enzyme များကို ဖွဲနုအစာနှင့် တွဲဖက်အသုံးပြုသင့်ပါသည်။ ဖွဲနုကို တိရိစ္ဆာန်အစာများတွင် သင့်တင့်မျှတစွာ ထည့်သွင်းအသုံးပြုခြင်းက တိရိစ္ဆာန်များအတွက် လွန်စွာအဟာရပြည့်ဝစေပါသည်။ ဖွဲနုတွင် အဟာရတန်ဖိုးအဖြစ်  Crude Protein/  Crude Fat/ Crude Fiber တို့အပြင် Calcium/Phosphorus/  Methionine/ Lysine/ Choline/ Linoleic Acid နှင့် Metabolic Energy တို့ပါဝင်ကြောင်း သိရပါသည်။

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင်  မိုးစပါးများ လှိုင်လှိုင်ထွက်ရှိလာသောကြောင့် ဖွဲနု များမှာ ယခင်စက်တင်ဘာလ ပေါက်ဈေး၄၂၀ကျပ်ရှိခဲ့သော်လည်း ယခုအခါတွင် ဈေးနှုန်း ကျဆင်း လျက်ရှိပါသည်။ ဖွဲနု (၆၅)ပေါင်တစ်အိတ်လျှင် ၂၄၀၅၀  /ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး အဓိက ဝယ်လက်များမှာ ဒေသတွင်းငါးမွေးမြူရေးကန်များမှ ငါးစာအဖြစ် ဝယ်ယူသုံးစွဲလျက်ရှိပြီး ပိုလျှံသည့် ဖွဲနုများကို အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ကြောင်းလည်း သိရှိရပါသည်။ အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်များတွင် တစ်ပေါင်လျှင် ၃၇၀/ကျပ်ဖြစ်ပြီး တတိယပတ်နှင့် စတုတ္ထပတ်များ (၃၇၅) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသဖြင့် ဖွဲနုဈေးကွက်အနေဖြင့် ယခင်လထက် နှိုင်းယှဉ်ပါက အကျဘက်သို့ ဦးတည်နေပါကြောင်း ဈေးကွက်အတွင်း လေ့လာမှုများအရ သိရှိရပါသည်။

DOCA(ပဲခူး)