ကန့်ဘလူမြို့တွင် ရာသီစာဖြစ်သော ကောက်ညှင်းပြားများရောင်းချလျက်ရှိ

Powered by Drupal

     မြန်မာနိုင်ငံတွင် နွေဥတု(နွေရာသီ)၊ မိုးဥတု(မိုးရာသီ)နှင့် ဆောင်းဥတု(ဆောင်းရာသီ) ဟူ၍ ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတုအလိုက် ဒေသအစားအစာများပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဆောင်းရာသီစတင်ရောက်ရှိလာပြီဖြစ်ရာ ရာသီအစားအစာတစ်မျိုးဖြစ်သည့် ဒေသအခေါ် ကောက်ညှင်းပြား (ခေါ်) ခေါစီများရောင်းချလျက်ရှိကြောင်းသိရသည်။

      ကောက်ညှင်းပြား (ခေါ်) ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့်ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသကဲ့သို့ မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိကြောင်း၊ ကောက်ညှင်းဆန်တွင်ာ အနက်ရောင်နှင့် အဖြူရောင်ဟူ၍ (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့်ပြုလုပ်သည်ကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ပေါင်းသင်းပြုလုပ်၍လည်းရောင်းချကြောင်း၊ ကောက်ညှင်းပြား(ခေါ်) ခေါစီကို ၁၀၀၀ကျပ်လျှင် ၄ပြား၊ ၂၀၀၀ကျပ်လျှင် ၉ပြားနှုန်း၊ ခေါပြင် ၁တုံးလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ပေါင်းသင်းအသေး ၁လုံးလျှင် ၂၅၀၀ကျပ်၊ အကြီး ၁လုံးလျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းရကြောင်း၊ မြို့ပေါ်နေပြည်သူများ၊ ခရီးသွားများနှင့် အခြားဒေသသို့ လက်ဆောင်ပစ္စည်းအဖြစ် ပေးပို့သူများက ဝယ်ယူစားသုံးလျက်ရှိရာ နေ့စဉ် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ကောက်ညှင်းပြား (ခေါ်) ခေါစီပြုလုပ်ရောင်းချသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)