ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် မုံညှင်း စိုက်ပျိုး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း မုံညှင်းကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်မှာ (၁)လကျော်လျှင် အရွက်ကြမ်းများစတင်ခူးဆွတ်ရပြီး (၁)လခွဲနေလျှင် အဖူးအညွန့်များ စတင်ခူးဆွတ်ရပါသည်။

   မုံညှင်းကို တော်သလင်းလတွင် စိုက်ပျိုးကာ သီတင်းကျွတ်လတွင် အရွက်ကြမ်းများ စတင်ခူးဆွတ်ရောင်းချကြပြီး အရွက်ကြမ်းများကိုလည်း စတင်ခူးဆွတ်သည့်နေ့မှ တစ်ရက်လျှင် အစည်း(၁၅၀)ခန့် ခူးရကြောင်း၊  တစ်စည်းလျှင်(၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ (၁)လခွဲခန့်ကြာလျှင် အဖူးအညွန့်များ စတင်ခူးဆွတ်ရပြီး တစ်ရက်လျှင် (၁၀)စည်းပါအထုံး (၁၀၀)ခန့်ခူးဆွတ်ရကြောင်း၊ တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။ မုံညှင်းကို တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ (၅၀၀၀)ခန့် စိုက်ပျိုးထားပါသည်။ မုံညှင်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ မုံညှင်းပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၅၀၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါသည်။ မုံညှင်းပင်သည် တစ်ရက်လျှင် အဖူးအညွန့်(၁၀၀)စည်းခန့် ပုံမှန်ခူးဆွတ်ရပြီး နေ့စဉ် နေ့တိုင်း ခူးဆွတ်ရရှိနိုင်ပါသည်။

   မုံညှင်းပင်သည် ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် အရွက်ကြမ်းအရင် ခူးရောင်းချရပြီး အဖူးအညွန့်များ ခူးရလျှင် အရွက်များခူးဆွတ်မရကြောင်းနှင့် အရွက်ကြမ်း တစ်စည်း(၃၀၀)ကျပ်၊ အဖူးအညွန့် တစ်စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကာ ခူးဆွတ်ချိန်(၂)လအကြာ ခူးဆွတ်ရသည့်အတွက် စိုက်ပျိုးသင့်ကြောင်းနှင့် မုံညှင်းအရွက်များ အဖူးအညွန့်များကို ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ဖောက်သည်များထံနှင့် မိမိကိုယ်တိုင်ဈေးတွင် ထိုင်ရောင်းချကာ  အရောင်းအဝယ် ဖြစ်ပြီး မိသားစုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာအတွင်းရှိ  မုံညှင်းစိုက်တောင်သူ မနှင်းနှင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)