မကွေးတိုင်းဒေသထွက် တန်ဖိုးမြှင့်ငှက်ပျောကြော်

Powered by Drupal

      ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်တွင်းမှာပင်တန်ဖိုးမြှင့်ကာ ကုန်ချောများ ထုတ်လုပ်နိုင်ခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအဖို့ လယ်ယာထွက်ကုန် သီးနှံများကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချခြင်းက ဝင်ငွေပိုမိုရရှိစေမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်၍ နိုင်ငံခြားငွေ ချွေတာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက် ရှိ “မဟေသီ” စားသောက်ကုန် မိသားစုတစ်နိုင်တစ်ပိုင် ငှက်ပျောကြော်မုန့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာမှုအား ရေးသားတင်ပြလိုက်ပါသည်။

      ငှက်ပျောကြော်လုပ်ငန်း ထုတ်လုပ်မှုအဆင့်ဆင့်အား လေ့လာရာတွင် ကုန်ကြမ်းငှက်ပျောသီးကို ပွင့်ဖြူမြို့နယ်အတွင်း ငှက်ပျောခြံများမှ သဘာဝ အတိုင်းရင့်မှည့်ခါနီးသည့် ဖီးကြမ်းငှက်ပျောသီးစိမ်းများကို ဝယ်ယူအသုံးပြုပါကြောင်း၊ ဝယ်ယူပြီးငှက်ပျောသီးကို တစ်ညအိပ်ထားကာ နောက်တစ်နေ့ မနက်တွင်  အခွံနွာ၍ ထုံးရည်ကြည်တွင် (၃)နာရီခန့် စိမ်ထားရပါကြောင်း၊ ထို့နောက် ရေသန့်ဆေး၍ ဆန်ဆေးရေနှင့် စိမ်ထားခြင်းအားဖြင့် အဖန်ဓါတ်အား ထိန်းညှိစေပါကြောင်း၊ ငှက်ပျောသီးအား ဓါးဖြင့်ပါးပါးလှီး၍ သကြားနှင့်ဆားဖျော်ထားသည့် ရေထဲသို့ထပ်၍စိမ်ထားရပါကြောင်း၊ ကုန်ချောဖြစ်လာစေရန် ဆီဖြင့် ကြော်၍ သင့်တင့်သောအရောင်ရလာလျှင် ဆယ်ယူ၍အအေးခံကာ ရရှိလာသော ငှက်ပျောကြော်များအား (၃)ကျပ်သား၊ (၅)ကျပ်သားချိန်တွယ်၍ အိတ်များဖြင့် ထုတ်ပိုးရကြောင်းနှင့် လုပ်သားဦးရေ (၅)ဦးဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပါသည်။

       ဈေးကွက်ဈေးနှုန်းအနေဖြင့် “မဟေသီ” စားသောက်ကုန်လုပ်ငန်း အမှတ်တံဆိပ်ဖြင့် ငှက်ပျောကြော်(၃)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၅၀၀)နှင့် (၅)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၉၀၀) လက္ကားဈေးနှုန်းများဖြင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မကွေးမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကာ ရန်ကုန်၊ နေပြည်တော်များသို့လည်း  ရောင်းချရပါကြောင်း သိရပါသည်။

      သဘာဝပစ္စည်းများဖြင့် အသုံးပြုထားခြင်းကြောင့် အရသာရှိပြီး အသင့်စားသုံးနိုင်သော ငှက်ပျောကြော်မုန့်များကို အညာဒေသလက်ဆောင်အဖြစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ပွဲဈေးတန်းများနှင့် ကုန်စုံဆိုင်များတွင်ပြန်လည်ရောင်းချရန် ဝယ်ယူမှုများရှိပြီး ပုံမှန် ဝင်ငွေရနေ ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း သိရပါသည်။

DOCA(မကွေး)