မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ မိုးမြေပဲများကို လှိုင်လှိုင်တူးဖော်ပြီးဖြစ်ကြောင်း သိရပါသည်။ မိုးမြေပဲများကို ဇွန်၊ ဇူလိုင်လများတွင်စိုက်ပျိုးပြီး အောက်တိုဘာ လကုန်ပိုင်းတွင် တူးဖော်ရိတ်သိမ်းကြရသည်။ နှစ်စဉ် ကုန်းတွင်းပိုင်းယာမြေများတွင် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း သီးနှံစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်မှစ၍ ဈေးကွက်ခိုင်မာလျက်ရှိသော ဆီထွက် သီးနှံမိုးမြေပဲ(၃)လပင်ပြန့်မျိုးကို အများဆုံးစိုက်ပျိုးကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရပါသည်။
သီးနှံစိုက်ပျိုးထွက်ရှိမှု အခြေအနေအားသိရှိရန် မြေပဲစိုက်တောင်သူ ဦးမင်းမင်းနှင့် ဆက်သွယ်မေးမြန်းရာ ယခုနှစ်တွင် မိုးမြေပဲ(၃)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် အလုပ် သမားရှားပါးပြီး ကုန်ကျစရိတ်များသော်လည်း ဈေးကွက်ခိုင်မာပြီး ရောင်းလိုအားဝယ်လိုအား ကောင်းသောမြေပဲကို နှစ်စဉ်စိုက်ပျိုးကြောင်း၊ မြေပဲခင်းတွင် သီးညှပ်အဖြစ် ပဲစဉ်းငုံနှင့် ပဲတီစိမ်း သီးနှံစိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံ(၃)လမြေပဲမျိုးများကို ဇူလိုင်လတွင်စိုက်ပျိုးပြီး အောက်တိုဘာလတွင်ရိတ်သိမ်းကြောင်း၊ စိုက်ဧက(၃)ဧကခန့်စိုက်ပျိုးရာတွင် မြေပဲမျိုးစေ့အဆံ(၅)တင်းခန့် ကုန် ကျကြောင်း၊ ယခုနှစ်တွင် သွင်းအားစုအမျိုးမျိုးဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်သမားငှားရမ်းခ မြင့်တက်ခြင်းကြောင့် ကုန်ကျစရိတ်များကြောင်း၊ မြေပဲစိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်ခြင်းကြောင့် မြေပဲအထွက်အနေဖြင့် (၁)ဧကလျှင် တင်း(၃၀ မှ ၃၅)အထိထွက်ရှိကြောင်း၊ စိုက်တောင်သူ ဦးမင်းမင်းသည် ယခုနှစ်တွင်(၃)ဧကစိုက်ပျိုးထားပြီး တင်း(၁၀၀)ဝန်း ကျင်ခန့်ထွက်ရှိကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလသီးနှံပေါ်စတွင် ဒေသပေါက်ဈေး အတောင့် (အခြောက်)တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ တစ်တင်းလျှင် ကျပ်(၂၄၀၀၀)ခန့်ရှိကြောင်း၊ (၁)ဧက ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့်ကုန်ကျပြီး ဝင်ငွေမှာကျပ်(၈)သိန်းခန့်ရရှိမည်ဖြစ်၍ ကျပ်(၃) သိန်းခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိစေရန် မြေပဲတောင့်များကို နေလှန်းအခြောက်ခံပြီး ခွဲပြီးသော အဆံများကို ကိုင်းကျွန်းမြေများ၌ နိုဝင်ဘာ လကုန်ပိုင်းတွင် စိုက်ပျိုးရန်အတွက် မျိုးမြေပဲဆံများရောင်းချခြင်းအပြင် ဆီစက်များ၊ ပွဲရုံများသို့ ရောင်းချကြောင်းသိရှိရသည်။
ယခုနှစ်ဒေသတွင်း သီးနှံပေါ်ချိန်တွင် မြေပဲဈေးကွက် ကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ဆီထွက်သီးနှံမိုးမြေပဲများ စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုး အမြတ်ရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)