စတင်စိုက်ပျိုးနေပြီဖြစ်သော ဆောင်းကြက်သွန်နီ

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။

   ယခင်နှစ်ကာလတူတွင် ဆောင်းကြက်သွန်နီ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် (၂၅၄၁) ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူစိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့်(၂၇၄၉)ဧက စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မြို့နယ်များအနေဖြင့် ဆောင်းကြက်သွန် နီစိုက်ဧကမှာ မြင်းခြံမြို့နယ်တွင်(၁၅၉၀)ဧက စိုက်ပျိုးထားရှိပြီး၊ နွားထိုးကြီးမြို့နယ်တွင် (၁၁၅၉) ဧက စိုက်ပျိုးထားရှိ၍ တောင်သာမြို့နယ်တွင် နိုဝင်ဘာလကုန်မှ စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကာလတူနှိုင်းယှဉ်ချက်အရ ဆောင်းကြက်သွန်နီများကို ယခုနှစ်တွင် ယခင်နှစ်ထက် (၂၀၈) ဧက ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ပျိုးထောင်မှုအနေဖြင့် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလ တို့တွင် ဆောင်းကြက်သွန်နီကို အစေ့ပျိုး(မျိုး)ထောင်ကြ၍ ပျိုးပင်သက်ရက်ပေါင်း (၄၅)ရက်ရှိလျှင် ကြက်သွန်နီစိုက်မည့် စိုက်ခင်းထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ မြင်းခြံခရိုင်အတွင်း ဆောင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ တလုပ်မြို့ကျေးရွာ၊ နနွင်းတော်ဘိုးရွာ၊ ကန်ဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာ၊ လက်ဝဲရွာ၊ မြင်းနီရွာ၊ တမိုက်သာရွာ၊ ဆင်ဖြူရွာနှင့်ပေါက်တောရွာတို့မှာ အများဆုံးစိုက်ပျိုးကြပြီး ၎င်းကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများမှာ အရည်အသွေးကောင်းပြီး၊ သိုလှောင်ခံ၍ ဈေးကွက်ကြိုက်ကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)