ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ကျေးလက်နေလူတန်းစားများပြားပြီး စပါး၊ ပဲ၊ နေကြာ၊ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူများစွာရှိသော ခရိုင်တစ်ခုဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော တောင်သူများသည် စိုက်ပျိုးရေးအသိပညာ၊ နည်းပညာများစုံလင်စွာသိရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်ပါက အရည်အသွေးမြင့်စိုက်ပျိုးသီးနှံများကိုရရှိနိုင်မည်ဖြစ်ပါသည်။
ပိုပိုစွမ်း သဘာဝမြေဩဇာကုမ္ပဏီသည် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ လှိုင်းတာလမ်းခွဲ (၆မိုင်၊ ၃ဖာလုံ) တွင်တည်ရှိပြီး မြေ(၁)ဧကအကျယ်အဝန်းရှိ ဧရိယာအတွင်း လုပ်သားအင်အား (၁၅) ဦးဖြင့် ၂၀၂၀ခုနှစ်တွင် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။
ပိုပိုစွမ်းကုမ္ပဏီအနေဖြင့် ထပ်မံကြိုးစားထုတ်လုပ်မည့် ထုတ်ကုန်များမှာ (၁) မြေဆီလွှာအားတိုးဆေး၊ (၂) အကျိုးပြုပိုးရည်ပြင်း၊ (၃) ပင်မအကျိုးပြုပိုးရည်၊ (၄) ငါးအမိုင်နိုအက်ဆစ်၊ (၅) ရှယ်ပွင့်ဆေးရည်၊ (၆) သီးပွားဆေးရည်၊ (၇) EM-5 (၈) ပွင့်သီးဆေးရည်တို့ဖြစ်ကြောင်း ပိုပိုစွမ်းကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးစိုးသူက ရှင်းလင်းပြောပြခဲ့ပါသည်။
ပိုပိုစွမ်းကုမ္ပဏီသည် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာများကို စိုက်ပျိုးရေးတောင်သူဦးကြီးများနှင့်နှီးနှောဖလှယ်သည့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပဆောင်ရွက်ပြီး ပိုပိုစွမ်းကုန်အမှတ်တံဆိပ်ကို ကြော်ငြာလျက်ရှိပါသည်။
ပိုပိုစွမ်းကုမ္ပဏီလုပ်ငန်းလိုအပ်ချက်အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းဖြင့် အဖြေထုတ်နိုင်ရန်နှင့် လိုအပ်မှုအပေါ် တိုးချဲ့ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများဖြင့်ကူညီထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးပညာရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း၍လည်းကောင်း အောင်မြင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
မြေဆီလွှာ၊ အမြစ်၊ အပင်၊ အရွက်၊ အပွင့်၊ အသီး စသည့်အပင်အစိတ်အပိုင်းတစ်ခုချင်းစီအတွက် အကျိုးဖြစ်ထွန်းမည့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရန် သီးနှံတစ်မျိုးချင်းစီကို မည်သို့စိုက်ပျိုးအသုံးပြုလျှင် အထွက်နှုန်းမည်မျှတိုးကြောင်း နည်းပညာများလိုက်လံစုဆောင်းရန်၊ မြေဆီလွှာထဲတွင် ရေရှည်ထိန်းသိမ်းနိုင်မှုမြင့်မားသော စိုက်ပျိုးရေးနည်းစနစ်များကိုရှာဖွေပြီး မြေဩဇာကဏ္ဍမှကူညီနိုင်ရေး အားထည့်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးမှု ကုန်ကျစရိတ်လျှော့ချပြီး ပိုမိုကောင်းမွန်သော သီးနှံအထွက်နှုန်းများရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော မြေဩဇာများထုတ်လုပ်နိုင်ရေးတို့ကိုဆောင်ရွက်မည့် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူများ၊ စိုက်ပျိုးရေးကို အခြေခံသောကုမ္ပဏီများနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများအသုံးပြုနိုင်မည့် ပိုပိုစွမ်းစိုက်ပျိုးရေးဆေးနှင့် သဘာဝမြေဩဇာများကို ဈေးကွက်အတွင်း စတင်ဖြန့်ချိပြီး အသုံးပြုလာတော့မည်ကို ကျေနပ်အားရဖွယ် တွေ့မြင်ရတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ဧရာဝတီ)