ပြည်မြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းလျက်ရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၇၄၆၄၂)ဧကစိုက်ပျိုးထားကြောင်းသိရပြီး အများဆုံးစိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး၊ မှော်ဘီ-၂၊ ထိုင်းနှံကောက်၊ GW-11၊ အင်းမရဲဘော်၊ ဆင်းသွယ်လတ်၊ ဧည့်မထ၊ ဗီယက်နမ်၊ ကျော်ဇေယျ၊ ဆင်းသုခ၊ ရက်-၉၀၊ ရေနဲလို၊ ဧရာမင်းနှင့် ရွှေနံသာပေါ်ဆန်းစပါးမျိုးများဖြစ်ပါသည်။

      ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ထိ ရတနာတိုး (၁၉၇၈၇)ဧကစိုက်ပျိုးထားရှိပြီး (၅၆၇)ဧကရိတ်ကာ တစ်ဧကလျှင် (၉၃.၂၀)တင်းထွက်ရှိပါသည်။ ထိုင်းနှံကောက်စပါးကို (၆၇၂၇) ဧကစိုက်ပျိုးထားပြီး (၁၆၆၁)ဧကရိတ်သိမ်းကာ တစ်ဧကအထွက်နှုန်းမှာ (၉၄.၇၀)တင်း၊ GW-11မျိုးကို (၂၇၀၉)ဧကစိုက်ပျိုးပြီး (၁၆၁)ဧကသာရိတ်သိမ်းထားသော်လည်း တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကလျှင် (၉၇.၁၀)တင်းထွက်ရှိကြောင်းသိရပါသည်။ ပြည်မြို့နယ်အတွင်း မှော်ဘီ-၂ စပါးမျိုးအစိုက်များပြီး (၂၃၆၆၁)ဧကရှိကြောင်း၊ လက်ရှိ (၄၆၁၈)ဧကရိတ်သိမ်းထားပြီးဖြစ်ရာ အထွက်နှုန်းအနည်းငယ်ကျဆင်းကာ တစ်ဧကလျှင် ပျမ်းမျှ (၈၄.၀၆)တင်းသာထွက်ရှိကြောင်းသိရှိရပါသည်။ ဗီယက်နန်စပါးမျိုးကို (၂၇၂၄)ဧကစိုက်ပျိုးထားပြီး (၂၂၅)ဧကရိတ်သိမ်းထားရာ တစ်ဧက (၉၅.၈၀)တင်းထွက်ရှိပြီး ပြည်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၇၄၆၄၂) ဧကအနက် (၁၂၃၃၆)ဧကရိတ်သိမ်းထားရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၉၀.၀၈)တင်း၊ စုစုပေါင်းအထွက်တင်းမှာ (၁၁၁၁၂၃၈)တင်းထွက်ရှိကြောင်းသိရပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ထိ စပါးပေါက်ဈေးနှုန်းမှာ ပေါင်(၅၀)တစ်တင်းလျှင် ၁၅၅၀၀ကျပ်၊ တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀-၁၅၅၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)