အညာဒေသတွင် မီးဖိုချောင်အသုံးစရိတ်များကာမိအောင် တောင်သူဦးကြီးများက သီးနှံများ ကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိပါသည်။မီးဖိုချောင်အသုံးစရိတ်မှသည် စီးပွားဖြစ်အထိ မျှော်မှန်း၍ တစ်နိုင်တစ်ပိုင်မှ ဧကအလိုက် စိုက်ပျိုးလာကြပါသည်။ ပဲစောင်းလျားသီးပင်သည် အသီးတစ်မျိုး တည်းသာစားရသောအပင်နှင့် အမြစ်၊ အညွန့်၊ အသီးအထိ စားရသောအပင်ဟူ၍(၂)မျိုးရှိပါသည်။ အသီးသာစားရသောအပင်သည် (၁)နှစ်ပတ်လုံးရှိပြီး သူရဲ့အသီးများမှာ မာဆတ်သည့်သဘောရှိပါ သည်။ အညာဒေသထွက် ပဲစောင်းလျားသီးမှာနူးညံ့ပြီး အရသာပိုချိုပါသည်။ယခုပေါ်ချိန် ပေါ်ဦးပေါ်စတွင် (၁၅)တောင့်တစ်စည်းလျှင် (၂၅၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ မကြာမီကာလအတွင်း ပဲမြစ်များလည်း ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း၊ ပဲစောင်းလျားသီးများကို ကိုယ်တိုင်ခူးဆွတ်၍ အစည်းလေးများ စည်းကာရောင်းချသလို၊ အခင်းထဲအရောက် လာဝယ်သူများရှိပါကလည်း ပြန်လည် ရောင်းချနိုင်ရန်အတွက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း ၊ ဖြိုင်ဖြိုင်ပေါ်ချိန်တွင် ပဲစောင်းလျားသီးများကို အနေတော်လှီးဖြတ်၍ အချဉ်တည်၍စားသုံးကြပါကြောင်း လေ့လာသိရှိရပါသည်။ ပဲစောင်းလျားသီးများကို ငပိရည်ဖြင့် အတို့အမြုပ်အဖြစ်စားသုံးကြသလို အသီးကို ပြုတ်ပြီး ပုဇွန်ခြောက်၊ ဆီကျက်ကလေးဖြင့် လက်သုပ်သုပ်စားကြပါသည်။ ပဲစောင်းလျားသီးကို ငါးရံ့၊ငါးကလေးများဖြင့် အိုးကပ်ချက်စားလျှင်လည်း ခံတွင်းကို မြိန်စေပါသည်။ပဲမြစ်(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင်(၈၀၀၀၀၀/-)ကျပ်ကျော်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင်ပဲမြစ် (၁)ပိဿာ လျှင်(၁၆၀၀/-)ကျပ် စျေးနှုန်းဖြင့် ရောင်းချ ခဲ့ကြောင်း ၊ ပဲမြစ်အညွန့်ရောင်းရငွေ(၃၀၀၀၀/-)ကျပ် နှင့် ပဲစောင်းလျားသီး ပေါ်ချိန်မှ အသီး တုံးချိန်အထိ ခန့်မှန်းရောင်းရငွေ (၃၅၀၀၀/-)ကျပ် အထိရရှိကြောင်း၊ယခင် ပဲမြစ် အထွက်နှုန်းပိဿာ(၈၀၀-၁၀၀၀)အထိ ထွက်ရှိကြောင်း၊ ပဲမြစ်ပေါ်ချိန်တွင်လည်းစျေးကောင်းရရှိ ပါက ပဲမြစ်စိုက်တောင်သူများ အကျိုးအမြတ်ပိုမို ရရှိလာနိုင်မည်ဖြစ်ကြောင်း ၊ တောင်သူ ဦးကြီးများ အပိုဝင်ငွေတိုးသည့်အပြင် စီးပွားဖြစ်အကျိုး အမြတ်များရရှိသောကြောင့် ပဲမြစ်သီးနှံကိုစိုက်ပျိုးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
“အညာဒေသထွက် ပဲစောင်းလျားသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိ”
Powered by Drupal