ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ

Powered by Drupal

    ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခဲတံကျည်တောက် (ခေါ်) ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

    ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် ကောက်ညှင်းဆန်ကို အနည်းငယ်ပွလာအောင် ရေစိမ်ထားပြီး အနည်းငယ်ပွလာသည့်ကောက်ညှင်းဆန်အား  အုန်းသီး၊ ဆား စသည်တို့နှင့်သမအောင်မွှေပြီး ကောက်ညှင်းကျည်တောက်ပြုလုပ်သည့် ဝါးအတွင်းသို့ထည့်သွင်း၍ နာရီဝက်ခန့်မီးဖုတ်၍ ကောက်ညှင်းကျည်တောက်ပြုလုပ်ကြပြီး မီးဖုတ်ထားသည့် ကောက်ညှင်းကျည်တောက်ကို မီးလောင်ကျွမ်းထားသည့် ဝါးကျည်တောက်အပေါ်ခွံအား ဖြူဖွေးလှပစေရန် ဓားဖြင့်အနည်းငယ်ခွာ၍ရောင်းချကြသည်။

    အရသာမျိုးစုံထည့်သွင်း၍ပြုလုပ်ထားသည့် ကောက်ညှင်းကျည်တောက်သည် ဒေသအစားအစာတစ်မျိုးဖြစ်ကာ အရသာထူးကဲကောင်းမွန်ခြင်းကြောင့် လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်ကြပါသည်။ ရာသီစာကောက်ညှင်းကျည်တောက်ကို  ကရင်ပြည်နယ်၌  မိုးအကုန် ဆောင်းအကူး ကာလများတွင် လူစည်ကားရာ ဘုရားပွဲတော်များ၊ ကရင်ပြည်နယ်ပွဲ၊ ကရင်နှစ်သစ်ကူးပွဲ၊ ခရစ်စမတ်ပွဲတော်များ၌ အများဆုံးရောင်းချကြပါသည်။ ဘားအံမြို့ဈေးများတွင်လည်း အမြဲလိုလို ရောင်းချကြသည်ကိုတွေ့ရှိရပါသည်။ အရွယ်အစားကိုလိုက်၍ ကောက်ညှင်းကျည်တောက် အသေး(၁) ချောင်းလျှင်  (၁၀၀၀) ကျပ်၊ အလတ် (၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ အကြီး(၁) ချောင်းလျှင် (၂၀၀၀) နှုန်းဖြင့်ရောင်းချကြပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများထံမှသိရပါသည်။

DOCA(ကရင်)