ဘိန်းအစားထိုး သီးနှံ “ဝ” ဥ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)  ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရရှိကြောင်း သိရ သည်။ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို စိုက်ပျိုးလျက်ရှိပြီး၊ ယခုအခါ ဝဥဈေးသည် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ်များကဲ့သို့ ဈေးကောင်းမရရှိသေးသဖြင့် မြေကြီးထဲတွင်သာ သိုလှောင်ထားနေရကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် စက်ရုံများမှ အဝယ်မရှိသေးသည့်အတွက် ဝဥ အစိုတစ်ပိဿာကို ၇၀၀ ကျပ်၊ ၈၀၀ ကျပ် ဈေးသာရှိခဲ့ပြီး၊ ယခုနိုဝင်ဘာလတွင် တစ်ပိဿာ ၁၀၀၀ ကျပ် ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ ဈေးကောင်းမရရှိခြင်း၊ ဝယ်သူနည်းပါးလာခြင်းတို့ကြောင့်  တောင်သူများမှာလည်း မတူးတော့ဘဲ၊ မြေကြီးထဲမှာသာ လှောင်ထား၍ ဈေးကောင်းရတဲ့အချိန်မှာသာ ပြန်တူးပြီး ရောင်းကြမည်ဖြစ်ကြောင်း သိရသည်။ ဝဥပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး၊ ၂ နှစ်မှ ၄ နှစ်အထိ  စိုက်ပျိုးရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ပင်လောင်း၊ ဟိုပုံး၊ ပေါင်းလောင်းဒေသမှ ဝဥစိုက်တောင်သူများသည် ပွဲစားများမှတစ်ဆင့် ရောင်းဝယ်နေရပြီး၊ မျိုးစေ့ကို ချင်းပြည်နယ်မှ မှာယူစိုက်ပျိုးရကြောင်းသိရှိရပါသည်။

   ယခုနှစ်ဈေးနှုန်းနှင့် ယခင်ဈေးနှုန်းကို နှိုင်းယှဉ်ပါက ဝဥပေါက်ဈေး အစို တစ်ပိဿာကို လေးရာကျပ် ဈေးကျလျက်ရှိကြောင်း၊ ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေတွေကြောင့် ယနေ့အချိန်ထိ ဝဥမှာ ဈေးကောင်းပြန်မရသေးကြောင်း၊ ဝဥ စိုက်တောင်သူများထံမှ သိရှိရပါသည်။ ယခုအခါ ဝဥကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဝဥများကို ကုန်ချောအဆင့်ထိမထုတ်နိုင်သေးသဖြင့် ကုန်ကြမ်းအဖြစ်သာ ထုတ်ရောင်းနေရပြီး မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နှင့် ဂျပန်သို့ အဓိကတင်ပို့ရကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)