ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် တိုင်ထောင်သခွားသီး စိုက်ပျိုး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း တိုင်ထောင်သခွားပင်ကို စိုက်ပျိုးလျက်ရှိပါသည်။

    တိုင်ထောင်သခွားပင်ကို တော်သလင်းလတွင် စိုက်ပျိုးကာ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ (၃၀၀)ခန့် စိုက်ပျိုးရပါကြောင်း၊ တိုင်ထောင်သခွားပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ တိုင်ထောင်သခွားပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ် မှာ ကျပ်(၂၅၀၀၀)ခန့် ကုန်ကျကြောင်း၊တိုင်ထောင်သခွားသီးကို တန်ဆောင်မုန်းလတွင် စတင်ခူးဆွတ်ရပြီး တစ်လုံးလျှင်(၃၀၀)ကျပ်နှုန်း ရောင်းချလျက်ရှိပါကြောင်း၊ တိုင်ထောင် သခွားပင်ကို စတင်ခူးဆွတ်သည့်နေ့မှ တရက်ခြား အလုံး(၃၀၀)ခန့် ခူးဆွတ်ရပြီး ၊ တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါသည်။

      ထို့ကြောင့် တိုင်ထောင်သခွားပင်ကို ဆောင်းရာသီတွင်အများဆုံး စိုက်ပျိုးနိုင်ပြီး တစ်ရက်ခြား ခူးဆွတ် ရောင်းချရသော သီးနှံပင်ဖြစ်ကြောင်းနှင့် တိုင်ထောင်သခွားပင်ကို ရိုးရိုးဗမာသခွားသီး မပေါ်ခင်ထိ စိုက်ပျိုးကြကာ ၊ဖောက်သည်များထံ ရောင်းချခြင်း၊ မိမိကိုယ်တိုင် ဈေးသို့သွားရောက်ရောင်းချခြင်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျွန်းလှမြို့နယ် ၊ ရှမ်းစု ကျေးရွာအတွင်းရှိ  တိုင်ထောင်သခွားစိုက်တောင်သူ ဦးကျော်မျိုးဟန်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)