အုတ်တွင်းမြို့တွင် မိုးစပါးများရိတ်သိမ်းနေပြီ

Powered by Drupal

      တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါး စိုက်ဧက ၈၉၁၀၀ ရှိရာ ယခုအခါ စိုက်ဧက တစ်ဝက်ခန့် ရိတ်သိမ်းနေပြီ ဖြစ်ပါသည်။ နှံကောက်၊ ဆင်းသုခနှင့်၊ ဗျော့ထွန်းစပါးများကို အများဆုံး စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု နည်းပါးသဖြင့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

       ရိတ်သိမ်းပြီးစပါးများကို ပွဲစားများက လယ်ကွင်းထဲအရောက်လာဝယ်ကြရာ တောင်သူလယ်သမားအများစုမှာ ကွင်းထဲ၌ပင် ရောင်းချကြပါသည်။ ကွင်းထဲ၌ ရောင်းသောစပါးများမှာ အစို ဓါတ်များသဖြင့် ပွဲစားများက စပါးတစ်တင်းလျှင် ၅၄ ပေါင် (၁၅ ပိဿာ)ဖြင့် ချိန်တွယ်ဝယ်ယူပါ သည်။ စက်ရုံအရောက်စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် နှံကောက် ၁၇၅၀၀၀၀ ကျပ်၊ ဆင်းသုခ ၁၇၀၀၀၀၀ ကျပ်နှင့် ဗျော့ထွန်း ၁၇၅၀၀၀၀ ကျပ်တို့ ဖြစ်ပါသည်။

      တောင်သူလယ်သမားအချို့မှာ စက်ရုံအရောက်တင်ပို့၍ ကြိတ်ခွဲပြီးမှ ထွက်ရှိသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ရောင်းချကြရာ စပါးကို တိုက်ရိုက်ရောင်းချခြင်းထက် တွက်ချေပိုကိုက်ကြောင်း သိရပါသည်။ အုတ်တွင်းမြို့နယ်အတွင်း ယခုနိုဝင်ဘာ တတိယပတ် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ဆန်သစ် အလတ်စ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်အထိ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)