ပြည်ခရိုင်တွင် ဝါသီးနှံများစတင်ထွက်ပေါ်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဝါစိုက်ဧကမှာ (၁၂၈၉၃)ရှိပြီး ဝါကြီးစိုက်ဧကမှာ (၁၈၀၄)ဧကနှင့် ချည်မျှင်ရှည်ဝါစိုက်ဧကမှာ (၁၁၀၈၉)ဧကရှိပါသည်။ ဝါသီးနှံကို ဇူလိုင်လဖြစ်သော မိုးလယ်ရာသီတွင်စိုက်ပျိုးပြီး ယခုနိုဝင်ဘာလဆန်းတွင် အနည်းငယ်စတင်ထွက်ပေါ်လာပါသည်။ စိုက်ပျိုးသောဝါအမျိုးအစားမှာ တစ်စေ့ဝါအမျိုးအစားဖြစ်ပြီး တစ်ဧကလျှင် ဝါပိဿာချိန် (၅၀၀)ခန့် ထွက်ရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန် (၈၀၀)ခန့်ထွက် ရှိသဖြင့် ယခုနှစ်တွင် အထွက်နှုန်းလျော့နည်းလာတာတွေ့ရပါသည်။ ဝါတစ်ဧကစိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ (၄)သိန်းဝန်းကျင်ခန့်ကုန်ကျပြီး ဈေးနှုန်းများအနေဖြင့် ယခုနှစ် လက်တလော ဝါရောင်းဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀)သိန်း ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဝါအထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းမှာနည်းသဖြင့် တစ်ဧက အကျိုးအမြတ်မှာ (၅)သိန်းဝန်းကျင်ခန့်ရရှိကြောင်း သိရပါသည်။

    ပြည်ခရိုင်အတွင်း ထွက်ရှိသော ဝါများကို ဝါကြိတ်စက်ရုံများမှဝယ်ယူလျက်ရှိသလို ရွာပွဲစား များကလည်းဝယ်ယူပြီး အောင်လံ နှင့်မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဝါစိုက် တောင်သူများအနေဖြင့် သွင်းအားစုဖြစ်သော ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် သွင်းအားစုဈေးနှုန်းများ သက်သာစွာဖြင့် ရရှိနိုင်ရေးမျှော်လင့်လျက်ရှိပါသည်။ ထို့အပြင် တောင်သူများအတွက် မျိုးကောင်း၊ မျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေပေးနိုင်လျှင် အထွက်နှုန်းပိုလာမည့်အပြင် ဝါအရည်အသွေးကောင်းများလည်းရရှိလာနိုင်မည်ဖြစ်ပြီး ဝါဂွမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ချည်မျှင်နှင့်အထည်အလိပ်များကို ဒေသအတွင်း ထုတ်လုပ်လာနိုင်ပါက အခြားသောအခွင့်အလမ်းများအပြင် နိုင်ငံတော်အတွက်လည်း ဝင်ငွေများပိုမို ရရှိလာ နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)