ပြည်ဒေသ၏ ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

   ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီပေါ်အစားအစာအဖြစ် စားသုံးသူများကြပါသည်။ ပြည်မြို့ရှိ ဈေးကြီးအပါအဝင်ကျန်ဈေးများတွင် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပြီး စတင်ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသများတွင် ယခုအချိန်၌ ပန်းဂေါ်ဖီများ စိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ပျိုးပြီးရက် (၉၀) အကြာတွင် အပွင့်များကို ဆွတ်ခူးရမည်ဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်းသိရပါသည်။  ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် တစ်ဧကလျှင် အစေ့ပေါင်ဝက်ခန့် လိုအပ်ပြီး အပင်ထွက်နှုန်းမှာ တစ်ဧကလျှင် အပင်ရေ (၁၂၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း သိရပါသည်။

    ပြည်မြို့နယ်အနေဖြင့် ပန်းဂေါ်ဖီကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မှော်ဇာကျေးရွာ၊ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများနှင့် ပေါင်းတလည်မြို့ရှိ ခွေးရဲကျေးရွာတို့တွင် စိုက်ပျိုးကြသည်။ ထွက်ရှိလာသော ပန်းဂေါ်ဖီများကို ပြည်မြို့အတွင်းရှိ ဈေးများအပြင် ရန်ကုန် မြို့သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပန်းဂေါ်ဖီဈေးများမှာ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားဖြစ်၍ ပန်းအဖြူပွင့်ကြီးတစ်ပွင်လျှင် (၁၂၀၀ - ၁၃၀၀)ကျပ်ရှိပြီး ပန်းဂေါ်ဖီအစိမ်းအကြီး တစ်ပွင့်လျှင် (၂၀၀၀ )မှ (၁၈၀၀)ကျပ်နှုန်းဖြင့်‌ ဈေးကောင်းရပြီး ဆောင်းရာသီဖြစ်သော နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလများတွင် ပုတီးကုန်း၊ သဲကုန်း၊ ရွှေတောင်မြို့များမှ ပန်းဂေါ်ဖီများ ဝင်ရောက်လာ ပြီဖြစ်သဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးကြရမည်ဖြစ်ပါသည်။ စားသုံးသူများအနေဖြင့် ပန်းဂေါ်ဖီအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို များများစားပေးခြင်းဖြင့် အဝလွန်ရောဂါ ဆီးချိုရောဂါ၊ နှလုံးရောဂါအပါအဝင် နာတာရှည်ရောဂါအမျိုးမျိုးကိုလည်း သက်သာပျောက်ကင်း ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)