G2G စနစ်ဖြင့် အိန္ဒိယမှ ဆန်ဝယ်ယူရာ၌ ပို့ကုန်အခွန်ကင်းလွတ်ခွင့်ရရန် ဝယ်လက်နိုင်ငံများက ကြိုးပမ်း

Powered by Drupal

   အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှစတင်၍ ပြည်ပတင်ပို့မှု တားမြစ်ကန့်သတ် ကုန်စည်အဖြစ် သတ်မှတ်ထားရှိသည့် ဘာစမာတီမဟုတ်သောဆန်များကို အစိုးရချင်းညှိနှိုင်းမှု (G2G) အစီအစဉ်အရ ဝယ်ယူခွင့်ရရှိသည့် နိုင်ငံအချို့သည် ဆန်များသင်္ဘောတင်ပို့မှုအပေါ် အိန္ဒိယ အစိုးရ၏ ပို့ကုန်အခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရ ပါသည်။

   ကုန်သွယ်ရေး သတင်းအရင်းအမြစ်များမှ ပြောကြားချက်အရ အာဖရိကနိုင်ငံများသည် ဘာစမာတီမဟုတ်သောဆန်များအား  G2G စနစ်ဖြင့် တင်ပို့မှုအပေါ် အခွန်ကောက်ခံခြင်းမပြုရန် အဓိက မျှော်လင့်လျက်ရှိကြောင်း၊ အိန္ဒိယအကောက်ခွန်ဌာနသည် Visakhapatnam ဆိပ်ကမ်းမှ မောရစ်သျှနိုင်ငံရှိ Port Louis ဆိပ်ကမ်းသို့ အစိုးရချင်းညှိနှိုင်းမှု အစီအစဉ်ဖြင့် တင်ပို့ခဲ့သော ဆန်ဖြူတန်ချိန် ၅၃၀၀ အပေါ် ပို့ကုန်အခွန် ၂၀% ချမှတ်ကောက်ခံခဲ့ကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    အိန္ဒိယမှ G2G စနစ်ဖြင့် ဆန်များကို ဝယ်ယူရရှိသော ဝယ်လက်ကုန်သည်အချို့သည် အိန္ဒိယအစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ဆန်တင်ပို့မှုအပေါ် အခွန်ကောက်ခံ ခြင်းဖြစ်သည်ကို မေးခွန်းထုတ်လျက်ရှိကြောင်း အမည်မဖော်ပြလိုသော အိန္ဒိယပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

    အိန္ဒိယအစိုးရ ဌာနဆိုင်ရာများကမူ ဘာစမာတီမဟုတ်သောဆန် ပြည်ပတင်ပို့ခြင်းအား တားမြစ်ခြင်းမပြုမီ ကာလကပင် ပို့ကုန်အခွန် ၂၀% ကို သတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်ပါက အခွန်ကောက်ခံမှု မရှိကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ ကုန်သွယ်ရေး သဘောတူ စာချုပ်ချုပ်ဆိုထားသည့် နီပေါနိုင်ငံသို့ ဆန်တင်ပို့မှုအပေါ် အခွန်ကျသင့်မှုမရှိသော်လည်း ဘူတန် နိုင်ငံသို့ တင်ပို့ရာတွင် ပို့ကုန်အခွန် ကောက်ခံမှုရှိကြောင်း သိရှိရသည်။

    အစိုးရချင်း ညှိနှိုင်းဆောင်ရွက်မှုများအရ အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁၀.၃၄ သိန်းကို နိုင်ငံပေါင်း ၇ နိုင်ငံသို့ အမျိုးသား သမဝါယမပို့ကုန်လီမိတက် (National Cooperative Export Ltd - NCEL) မှ တစ်ဆင့် တင်ပို့ခွင့်ပြုလိုက်ကြောင်း အိန္ဒိယ ပြည်ပကုန် သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၂.၉၅ သိန်း၊ ကင်မရွန်းသို့ တန်ချိန် ၁.၉ သိန်း၊ မလေးရှားသို့ တန်ချိန် ၁.၇ သိန်း၊ ကို့ဒီအိုင်ဗရီသို့ တန်ချိန် ၁.၄၂ သိန်း၊ ဂီနီယာသို့ တန်ချိန် ၁.၄၂ သိန်း၊ နီပေါသို့ တန်ချိန် ၉၅၀၀၀ နှင့် ဆေရှဲလ်သို့ တန် ၈၀၀ အသီးသီးကို NCEL လီမိတက်က တင်ပို့မည်ဖြစ်သည်။

     သမဝါယမအသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် G2G စနစ်ဖြင့် ဆန်တင်ပို့မှုများကို NCEL လီမိတက်အား အိန္ဒိယအစိုးရက တာဝန်ပေးဆောင်ရွက်မှုမှာ ကုန်သွယ် မှု အသိုင်းအဝိုင်း၌ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ပေါ်လျက်ရှိသည်။ NCEL သည် တောင်သူလယ်သမား များနှင့် လယ်သမားအသင်းအဖွဲ့များ၏ အကျိုးဖြစ်ထွန်းမှုအတွက် ပြည်ပတင်ပို့မည့် ဆန်များကို ၎င်းတို့ထံမှ ဝယ်ယူဆောင်ရွက်လျက်ရှိသော်လည်း အကောက်ခွန်ဌာနကမူ အခွန်ချမှတ်ကောက်ခံ နေကြောင်း အထက်ဖော်ပြပါ ပို့ကုန်လုပ်ငန်းရှင်က ပြောကြားခဲ့သည်။

    NCEL သည် လက်ရှိကာလအထိ မောရစ်သျှသို့ ဆန်တန်ချိန် ၅၃၀၁ တန်နှင့် ဘူတန်သို့ ဆန် ၁၁၅၀ တန် တင်ပို့ထားပြီး ဖိလစ်ပိုင်၊ ဆေရှဲလ်၊ ကင်မရွန်းနှင့် စင်ကာပူ နိုင်ငံများသို့ G2G အစီ အစဉ်ဖြင့် ဆန်တင်ပို့ရေး ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်သည်။ ဆန်တင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀% ကောက်ခံခြင်းက ကုန်ချဆိပ်ကမ်း၌ ဆန်တစ်တန်လျှင် ဒေါ်လာ ၈၀ မှ ၈၅ ဒေါ်လာအထိ စရိတ် ပိုမိုစေလျက်ရှိပြီး ဝင်ငွေနိမ့်ကျသည့် အာဖရိကနိုင်ငံ အချို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေ ကြောင်း ကုန်သွယ်ရေး အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Source: The Hindu Business Line, 20 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)