အိန္ဒိယကုန်စည်စတော့အိတ်ချိန်း NCDEX သည် ဝါဂွမ်းအသင်းနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး

Powered by Drupal

    အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကုန်စည်စတော့အိတ်ချိန်းဖြစ်သည့်် NCDEX သည် အိန္ဒိယနိုင်ငံ ဝါဂွမ်းအသင်း(CAI) နှင့် ငါးနှစ်သက်တမ်းရှိ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ ဝါဂွမ်းကြိုပွိုင့် အရောင်းအဝယ်တွင် ပါဝင်မှုကို ပိုမိုမြှင့်တင်နိုင်ရန်၊ ဝါကဏ္ဍအတွက် ဈေးနှုန်း ရှာဖွေ သတ်မှတ်မှု ပိုမိုပွင့်လင်းမြင်သာစေရန်နှင့် ဈေးနှုန်းအန္တရာယ်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်တို့ အတွက် ဆောင်ရွက် ခြင်းဖြစ်သည်။

   အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဝါထုတ်လုပ်မှုတွင် ၂၀-၂၃ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ဝါစိုက်ပျိုးဧရိယာ တွင် ၃၈ ရာခိုင်နှုန်းခန့်ပါဝင်နေသော်လည်း ကမ္ဘာ့ဝါဈေးကွက်သတ်မှတ်ဖော်ဆောင်မှုတွင် အခန်း ကဏ္ဍနည်းပါးနေသည့်အခြေအနေဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

    တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါသဘောတူညီချက်ကို NCDEX မှ မန်နေဂျင်းဒါရိုက်တာ နှင့် CEO ဖြစ်သူ Vika Goel နှင့် ဝါဂွမ်းအသင်းဥက္ကဋ္ဌ Vinay Kotak တို့က မွန်ဘိုင်းမြို့တွင် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံဝါဂွမ်းလုပ်ငန်းကော်ပိုရေးရှင်း (CCI) ၏  ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်သည့် Lalit Kumar Gupta လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

    အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိတွင် ဝါကုန်ကြမ်း၊ ဝါစေ့ဖတ်နှင့် သန့်စင်ပြီး ဝါစေ့ ဆီတို့အတွက် စာချုပ်များပါဝင်သည့် NCDEX ၏ ဝါကုန်စည်ကြိုပွိုင့် ဈေးကွက်ပလက်ဖောင်းကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။ ထို့အပြင် လယ်သမားများ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များ၊ ချည်မျှင် ထုတ်လုပ်သူများ၊ တင်ပို့သူများနှင့် ကုန်သည်များအတွက် ကြိုပွိုင့်‌ရောင်းဝယ်ခြင်းကို ပွင့်လင်း မြင်သာသည့် ဈေးနှုန်းစီမံခန့်ခွဲရေးတစ်ရပ်အဖြစ် အသုံးပြုနိုင်ရန်လည်း မြှင့်တင်သွားမည်ဖြစ်သည်။

    ဝါသီးနှံသည် အိန္ဒိယ၏ စိုက်ပျိုးစီးပွားရေးအတွက် အလွန်အရေးပါသော်လည်း ကြိုပွိုင့် ဈေးကွက်သည် အိန္ဒိယနိုင်ငံ၏ ဝါထုတ်လုပ်မှုပမာဏနှင့် ကိုက်ညီအောင် အပြည့်အဝ ဖော်ပြနိုင် ခြင်း မရှိသေးကြောင်း သိရသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် ယုံကြည်စိတ်ချရသော အခြေခံ ဈေးနှုန်း တစ်ရပ်ဖော်ဆောင်ရန်နှင့် ဝါထုတ်လုပ်မှုမှစတင်၍ နောက်ဆုံးဈေးကွက်အထိ ပါဝင်သည့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဈေးနှုန်းအန္တရာယ်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ် သည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း NCDEX ၏ မန်နေဂျင်းဒါရိုက်တာနှင့် CEO ဖြစ်သူ Vika Goel က ပြောကြားခဲ့သည်။

   ဤအစီအစဉ်သည် ထုတ်ကုန်ဒီဇိုင်းများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် အသိပညာ ပေးမှုများ တိုးမြှင့်ခြင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ဝါကုန်သွယ်မှုကဏ္ဍတွင် လက်ရှိအားနည်းနေသည့် ဈေးနှုန်းအန္တရာယ်ကို ကြိုတင်ကာကွယ်စီမံသည့် အလေ့အထကို ဖြေရှင်းပေးနိုင်လိမ့်မည်ဖြစ် ကြောင်း  ဝါဂွမ်းအသင်းဥက္ကဋ္ဌ Vinay Kotak ကလည်း ပြောကြားခဲ့သည်။

    အဆိုပါပူးပေါင်းဆောင်ရွက်မှုအောက်တွင် အသိပညာပေးခြင်းနှင့် ကြိုပွိုင့်ဈေးကွက်အသုံး ပြုမှု တိုးမြှင့်ရေးအစီအစဉ်များအတွက် ဝါအဓိကထုတ်လုပ်သည့် ဒေသများဖြစ်သည့် မဟာရဋ္ဌ၊ ဂူဂျာရတ်၊ ပန်ဂျပ်၊ အဒ္ဒရာပရာဒေ့ရှ်နှင့် တယ်လန်ဂါနာပြည်နယ်များကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Business Standard, September 02, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)