
၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်ချော တန်ချိန် ၇၉၂,၂၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ တင်ပို့ခဲ့သည့် တန်ချိန် ၄၇၂,၈၀၃ တန်နှင့် နှိုင်းယှဉ်ပါက ၆၇.၅ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) က ကြာသပတေး နေ့တွင် ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဆန်တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ အမေရိကန် ဒေါ်လာ ၄၆၄.၁ သန်း ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်း ရရှိခဲ့သော ဒေါ်လာ ၃၄၈ သန်းထက် ၃၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။
CRF ၏ ပြောကြားချက်အရ ယင်းကာလအတွင်း ကုမ္ပဏီပေါင်း ၆၁ ခုက ကမ္ဘောဒီးယား ဆန်ချောများကို ကမ္ဘာတစ်ဝှမ်းရှိ ၆၆ နိုင်ငံနှင့် ဒေသများသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ဥရောပသမဂ္ဂ နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘောဒီးယားဆန် တင်ပို့မှု၏ အဓိကပန်းတိုင်စျေးကွက်များအဖြစ် ဆက်လက်တည်ရှိနေသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယခုနှစ်တွင် အစိုးရက သတ်မှတ်ထားသည့် ဆန်ချော တန်ချိန် ၁ သန်း တင်ပို့ရေး ပန်းတိုင်ကို ပထမဆုံးအကြိမ်အဖြစ် လွယ်လင့်တကူ အကောင်အထည်ဖော်နိုင် မည်ဟု မျှော်လင့်ကြောင်း CRF ဥက္ကဋ္ဌ Lay Chhun Hour က လွန်ခဲ့သည့်လတွင် ပြောကြားခဲ့သည်။
Source: Xinhua, Sept 3, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
