ပြည်ဒေသထွက် ရွှေဖရုံသီး

Powered by Drupal

    ရွှေဖရုံသီးစိုက်ပျိုးရာ၌ ပူနွေးသောရာသီဥတုတွင်စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းပါသည်။ သက်တမ်းမှာ (၄)လကြာမြင့်ပါသည်။ မြေဩဇာအနေဖြင့် နုန်းဆန်သောမြေ၊ မြေနီသဲဝန်း၊ သဲဝန်း မြေများတွင် စိုက်ပျိုးရန်ကောင်းမွန်ပါသည်။ ရွှေဖရုံသီးပင်စိုက်ပျိုးလျှင် သုံးပေခြား တစ်တန်းနှင့် တစ်တန်းကြား (၂၀)ပေခွာ၍ တစ်ကျင်းလျှင် အစေ့ (၃-၄)စေ့ချ၍စိုက်ရပါသည်။ တစ်ဧကလျှင် မျိုးစေ့ (၃)ကီလိုဂရမ်ပါဝင်ပါသည်။ ရွှေဖရုံအပင်ငယ်များ တစ်လသားခန့်ရှိသောအခါ ကြားထွန် ဝင်ပေးပြီး အပင်ခြေရင်းရှိပေါင်းများကို လက်ပေါင်းလိုက်ပေးရပါသည်။ ရွှေဖရုံသီးများကို ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူရန်လိုပါသည်။ ဖရုံသီးကို အညှာပါအောင်ဆွတ်ခူထားပါက ကြာရှည်ထားနိုင်ပါသည်။ ရွှေဖရုံသီးမှာ အလွန်အာဟာရဖြစ်သည့်အသီးဖြစ်ပြီး ကယ်လိုရီနည်းပါသည်။ ရွှေဖရုံသီးမှာ တန်ဖိုးရှိသော ဗီတာမင်နှင့် အာဟာရဓာတ်များစွာပါဝင်သောကြောင့် လူတို့စားသုံးရန်အတွက် အထူးသင့်လျော်ပါသည်။ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်သည့်အပြင် အရေပြားကျန်းမာရေးအတွက်လည်းအသုံးဝင်ပါသည်။ ရွှေဖရုံသီးများကို ခြံဖြင့်သီးသန့်စိုက်ပျိုးကြပြီး အိမ်ခြံဝန်းအတွင်း၌လည်း စားဖိုဆောင်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးအစေ့လှော်မှာ အဆာပြေ၊ အပျင်းပြေဝါးစားရာတွင် စိမ့်သောအရသာဖြင့် အလွန်စားကောင်းပါသည်။ ရွှေဖရုံသီးပင်များကို ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးသော ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာနှင့် တောင်လုံးညိုကျေးရွာတို့တွင် အများအပြားစိုက်ပျိုးပြီး ထွက်ရှိလာသောအသီးများကို ပွဲစားများမှတစ်ဆင့် ရန်ကုန်သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရွှေဖရုံသီးအလုံးချောတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)