မျှော်တော့မျှော်ချင်၊ သူလာမယ်မထင်လို့

Powered by Drupal

ထွက်ခွာသွားလေသော ချစ်သူရည်းစားတစ်ယောက်ကို မျှော်လင့်ရင်းနဲ့ အပျိုကြီးဘဲ ဖြစ် သွားလေသလား? ဒါမှမဟုတ်ရင် ရရာလူကိုဘဲ သူယူလိုက်လေသလား ? အဖြစ်ကဒီလိုဗျ စိုက် ပျိုးထုတ်လုပ်သူ တောင်သူဆိုတာ မိမိအသက်မွေးလုပ်ကိုင်လာတဲ့အလုပ်ပေါ်မှာ မပြောင်းလဲဘဲ အစဉ်တစ်စိုက်လုပ်ကိုင်နေကြသည်ဆိုတာ စာဖတ်သူ တော်တော်များများလဲ သတိထားမိကြမှာပါ။ ဒါကြောင့်လဲ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေနဲ့ မပြောင်းလဲတဲ့ရှေးရိုးစွဲစိုက်စနစ်တွေကို တတ်နိုင်သမျှပြောင်းလဲနိုင်ရေး ဒေသနဲ့လျော်ညီတဲ့မျိုး ၊ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ ကိုက်ညီသော သီးနှံနှင့်စိုက်ပျိုးမှု အလေ့အကျင့်ကောင်းများကိုလည်း အသိပညာပေး ဆောင်ရွက်လျှက်ရှိတာကိုလဲ ကြားသိကြမှာပါ။ ဒီထဲမှာမှ မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ်ဆိုတာ ကြက်သွန်ကို အဓိက စီးပွားရေးတစ်ရပ်အနေနဲ့ စိုက်ပျိုးလုပ်ကိုင်ကုန်သွယ်နေကြသည် ဆိုတာလဲ ကြက်သွန်နဲ့ မစိမ်း သူတိုင်းသိပြီးသားဖြစ်မှာပါ ကြက်သွန်နီဟာအတက်လဲကြမ်းသလို အမြတ်လဲကြမ်းတတ်ပါတယ် ဒါပေမဲ့လည်း ဒီလိုအခြေအနေနဲ့ဝေးခဲ့သည်မှာ ၂ နှစ် ၊ ၃ နှစ်တောင်ရှိခဲ့ပြီလို့ တောင်သူ ၊ လုပ်ငန်းရှင်တစ်ဦး၏ ညဉ်းတွားမှုအရ သိရပါသည်။ ဒါဆိုဘာလို့ ဈေးကွက်မမျှော်မှန်းနိုင်တဲ့ သီးနှံကို သူတို့ဘာကြောင့်ဆက်လက်စိုက်ပျိုးလုပ်ကိုင်နေကြတာလည်းလို့ မေးမြန်းရာမှာတော့ တစ်နေ့၊တစ်နှစ် ပြောင်းလဲလို့ ဈေးနှုန်းများတက်လာလေမလား ၊ ပြည်ပဈေးကွက်တွေများ အဝယ်လိုက်လို့ ကြိုက်ဈေးတွေများရလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှိရာလက်ငုတ် အလုပ်ကလေးကိုဘဲ ခုံမင်ဖက်တွယ်လုပ်ကိုင်နေကြတယ်လို့ ကြားသိခဲ့ရ ပါသည်။ ဈေးကွက်နဲ့ စိုက်ပျိုးမှုကိုလေ့လာကြည့်ရာမှာတော့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် မြင်းခြံခရိုင်၏မိုးကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုသည် ၂၇၆၃ ဧက ၊ တစ်ဧကအထွက်ပိဿာ ၁၉၅၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလစတုတ္တတပတ်ဈေးသည် လက်ကားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၃၀၀-၁၇၅၀) အတွင်း ဈေးနှုန်းအမျိုးမျိုးရှိခဲ့ပြီး ရာသီကုန်ဈေးမှာတော့ လက်ကားအနိမ့်ဈေးတစ်ပိဿာ ၃၅၀/- ကျပ် မှအမြင့်ဈေးတစ်ပိဿာ ၅၂၅/- ကျပ်ရှိခဲ့ပါကြောင်း ၊ ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ စိုက်ပျိုးချိန်မှာ တော့ မြင်းခြံခရိုင်၏ မိုးကြက်သွန်နီ စိုက်ပျိုးမှုသည် ၁၇၆၈ ဧက ၊ တစ်ဧကအထွက်ပိဿာ ၁၉၇၀ ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ၊ ယခုလိုဒီဇင်ဘာလ စတုတ္တတပတ်ဈေးကွက်ပေါက်ဈေးမှာ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှအမြင့်ဈေး ၆၅၀/- ကျပ် ရှိခဲ့ပြီး ရာသီကုန်ပိတ်ဈေးမှာ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှအမြင့်ဈေး ၂၅၀/- ကျပ်သာရှိခဲ့ပါကြောင်း ၊ ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ချိန်တွင်လည်း မြင်းခြံခရိုင်အနေဖြင့် ၁၄၆၃ ဧကစိုက်ပျိုးခဲ့ပြီး ၊ တစ်ဧက အထွက်ပိဿာ ၂၁၀၀/- ထွက်ရှိကြောင်းသက်ဆိုင်ရာဌာန၏ ကိန်းဂဏန်းများအရ သိရှိရပြီး စိုက်ပျိုးမှုလည်းတစ်နှစ်ထက်တစ်နှစ်လျော့နည်းလာတာကိုတွေ့ရပါသည်။၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာပထမပတ်မှစ၍ မြင်းခြံမြို့ပေါ်ဈေးကွက်သို့ ကုန်ချိန် ၁၅၀၀ ပိဿာဖြင့် ကနဦးဝင် ရောက်ခဲ့ပြီး လက်ကားအနိမ့်ဈေး တစ်ပိဿာ ၁၅၀/- ကျပ်မှ အမြင့်ဈေး ၆၅၀/- ကျပ်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၀ ရက်မှစ၍ ကုန်ချိန်ပိဿာ ၁၂၀၀၀၀ ခန့်ဝင်ရောက်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့်ဈေးတန့််နေပြီး ကြက်သွန်အရည်အသွေးပေါ်မူတည်၍ ၅၀/- ၊ ၁၀၀/- အနိမ့်အမြင့်ရှိခဲ့တယ်လို့သိရပါသည်။ သို့သော်ငြားလည်း ဈေးကွက်ကြက်သွန် ဝင်ရောက်မှုသည် တစ်ရက်လျှင် ပိဿာ ၂ သိန်း နှင့် ၃ သိန်းအဝင်ရှိပါကြောင်း ၊ ယခုလို ဈေးကွက်အတွင်း တင်သွင်းရောင်းချသူများပြားလာသော်လည်း ဈေးနှုန်းအနေဖြင့် ကျဆင်း သွားခြင်းမရှိဘဲ လက်ကား အနိမ့်ဈေး ၁၀၀/- ကျပ်မှ အမြင့်ဈေး ၆၀၀/- ကျပ်ဖြင့်သာ ဈေးတန့် ဈေးငြိမ်နေကြောင်းတွေ့ရပါသည်။ လက်ရှိဖြစ်ပေါ်နေသောဈေးနှုန်းများအရ စိုက်ပျိုးထုတ်လုပ်သူတောင်သူများသို့ ဆက်လက်မေးမြန်းကြည့်ရာမှာတော့ ယခုကာလသည် ယခင်ယခင်နှစ်များနှင့်မတူဘဲ အခြေအနေအရပ်ရပ်ကွာခြားပါကြောင်း ၊ ထည့်သွင်းရသည့် စရိတ်စကဖြစ်သော စက်သုံးဆီစရိတ် ၊ ဓါတ်မြေဩဇာစရိတ်ဆိုလျှင် နှစ်ဆခွဲ ၊ သုံးဆနီးပါးကြီးမြင့်ပါကြောင်း ၊ မိုးကြက်သွန်ဆိုသော်ငြားလည်း ရာသီမမှန်၍ စိုက်ပျိုးရေကို ပို၍ခုတ်မောင်းရေသွင်းရပါကြောင်း ၊ ကုန်ချိန်ထွက်ရှိမှုမှာလည်း တစ်ဧက မျိုးဥပိဿာ ၃၀၀ သွင်းလျှင် ၄ ဆ ၊ ၅ ဆ ၁၂၀၀ / ၁၅၀၀ ပိဿာ သာရရှိပါကြောင်း ၊ ထိပ်စဥကြီးလဲနည်းပါကြောင်း ၊ ၆ ဆ ၊ ၇ ဆ ၁၈၀၀ / ၂၀၀၀ ပိဿာ ရရှိသူကနည်းပါကြောင်း တစ်ဧကထုတ်လုပ်မှုစရိတ်သည် ၈ သိန်းနှင့် ၉ သိန်း အထက်တွင်ရှိသည့်အတွက် ယခုရောင်းချနေရသောဈေးသည် တောင်သူကြိက်ဈေး မဟုတ်သေး
ကြောင်း ၊ ဒါဆို ဘာလို့တက်ဈေးကိုမမျှော်ဘဲ ဈေးမကိုက်ဘဲနဲ့ ဈေးကွက်မှာ ကုန်ချိန်တွေ တစ်ရက်ထက်တစ်ရက် အဝင်များနေရတာလဲ? သမီးကညှာ အခါမလင့်စေနှင့်ဆိုတဲ့ စကားလဲ ကြားဖူးမှာပါ ကြက်သွန်က ကုန်စိမ်းလေဗျ အချိန်လွန် ၊ အရွယ်လွန်လို့ မရဘူးလေ တက်ဈေးကိုဘယ်မမျှော်ချင်ဘဲရှိမလဲဗျာ မျှော်တော့မျှော်ချင်တာပေါ့ သို့ပေမယ့်လဲ သူမလာရင် ဘယ်လိုလုပ်မလဲဗျ ရောင်းလိုက်လို့ငွေပေါ်တော့လဲ အခြားအစားထိုးဝယ်စရာရှိတာလေးတွေ ဝယ်ရတာပေါ့ဗျာ...လို့ဘဲ အဆုံးသတ်ရင်း လေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မန္တလေးတိုင်ဒေသကြီး