ဆင်ဖြူကျွန်းဒေသ၌ တိုင်ထောင်ပဲဈေးကောင်းရ၍ တောင်သူများပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင်ကျေးရွာများမှ တောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင်အမာရှိ သော စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သည့် တိုင်ထောင်ပဲမှာ ဈေးကောင်းရ၍ တောင်သူများပိုမို တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

   တိုင်ထောင်ပဲသည် နှုန်းမြေနှင့်ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်(၁)ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း(၂)ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီးအပင်များ နွယ်တက်လာသောအခါ အပင်ခြေရင်းတွင် ဝါးများဖြင့်တိုင်ထောင်ပေးရကြောင်း၊  အပင်သက်တမ်း (၂)လခန့်အကြာတွင်  စတင်ခူးဆွတ်နိုင်ပြီး (၁)ဧကလျှင် ပိဿာချိန်(၅၀)ခန့်ထွက်ရှိ‌ကြောင်း၊ နောက်ပိုင်းပဲသီး အထွက်နှုန်းကောင်းချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၁၅၀)မှ (၂၀၀)ခန့်အထိ ထွက်ရှိကြောင်း၊ တိုင်ထောင်ပဲသီးနှံကို နေ့စဉ်ခူးဆွတ်ရောင်းချရပြီး နှစ်လကြာအထိ ခူးဆွတ်ရောင်းချရကြောင်း၊ နေ့စဉ်ခူးဆွတ်ခြင်းမပြုပါက အခွံအကြောများရင့်မာသွားပြီး အသီးများပွကာ ရောင်းချရာတွင် ဝယ်ယူသူများကြိုက်နှစ်သက်မှုနည်းသဖြင့် ဈေးကောင်းမရကြောင်း စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရှိရသည်။  ဆင်ဖြူကျွန်းဒေသထွက် တိုင်ထောင်ပဲသီးနှံကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန် ၂၀၂၃ခုနှစ်၊ သီတင်းကျွတ်လဆန်း တွင်မူ တိုင်ထောင်ပဲတစ်ပိဿာလျှင် ကျပ်(၃၅၀၀)ခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်းပဲသီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ခန့်ရရှိ ကြောင်းသိရှိရသည်။ တိုင်ထောင်ပဲ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူမျာအဖို့ပုံမှန်ဝင်ငွေရရှိကာ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက်လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)