မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင်း၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငှက်ပျောသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက (၂၉၃၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ရိတ်သိမ်းဧက (၁၂၁၀)ဧကရိတ်သိမ်းပြီးစီးကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၉၆၀၀၀၀)ခိုင်ထွက်ရှိကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ငှက်ပျောတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀)ကျပ်ကုန်ကျပြီး (၁)ဧကလျှင် ငှက်ပျော(၈၀၀)ခိုင်ထွက်ရှိကြောင်း၊ ယခုလက်ရှိဈေးနှုန်းအနေဖြင့် အခိုင်(၄၀)ပါ ငှက်ပျောလှည်းတစ်စည်းလျှင် (၄၀၀၀၀၀)ကျပ်ခန့်ဖြင့်ရောင်းချရကြောင်း၊ ငွေအဆင်မပြေသောတောင်သူများမှာ ငှက်ပျောကြိုတင်ရောင်းလှည်းတစ်စီးလျှင် (၃၀၀၀၀၀)ကျပ်ဖြင့်ရောင်းချကြကြောင်း၊ ယခင်တွင် ငှက်ပျောသီး ဖီးကြမ်းလက်ရင်းတစ်ဖီးလျှင် (၂၈၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂၃၀၀)ကျပ်၊ ယခုလက်ရှိ၌ ငှက်ပျောသီး ဖီးကြမ်းလက်ရင်းတစ်ဖီးလျှင် (၃၀၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ငှက်ပျောဈေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိကြောင်း ငှက်ပျောအများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)