“ကွမ်းစိုက်ပျိုး၍ အပိုဝင်ငွေတိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကွမ်းပင်များကို စီးပွားဖြစ်အပိုဝင်ငွေရအောင် အလေးထားစိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ကွမ်းစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၄၀၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၇)ဧက၊ မြစ်သားမြို့နယ်တွင် (၃၅)ဧက  ၊ စုစုပေါင်း (၅၈၂)ဧကစိုက်ပျိုးခဲ့ပြီး (၄၉၂)ဧကခူးဆွတ်နိုင်ခဲ့ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကွမ်းကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သော်လည်း ကွမ်းခြံပိုင်ရှင်များအနေဖြင့် ဇွန်လနှင့် ဇူလိုင်လတို့တွင် အစိုက်များသည်ကိုတွေ့ရှိရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အပင်အမြစ်စွဲလွယ်ပြီး ကြီးထွားနှုန်းမြန်၍ အောင်မြင်ဖြစ်ထွန်သောကြောင့်ဖြစ်ပါသည်။ ကွမ်းမျိုးအနေဖြင့် ကွမ်းနုဝါမျိုးနှင့် အထွက်တိုးမျိုး (ဥဓမ)မျိုးဟူ၍စိုက်ပျိုးကြပြီး ခြံပိုင်ရှင်များအနေဖြင့် ကွမ်းနုဝါမျိုးကိုသာ အဓိကစိုက်ပျိုးကြပါသည်။ ကွမ်းနုဝါမျိုးမှာ ဈေးကွက်ကောင်းမွန်၍ ကွမ်းစားသူများကြိုက်နှစ်သက်ပြီး ပွဲရုံများ၌ အရောင်းအဝယ်ကောင်းသောကြောင့်   ကွမ်းနုဝါမျိုးကို အဓိကထားစိုက်ပျိုးရခြင်းဖြစ်ပါသည်။ ကွမ်းအပင်(၁၀၀၀)စိုက်လျှင် ပိဿာချိန်အနေဖြင့် နွေရာသီနှင့် မိုးရာသီကာလများတွင် အချိန်(၇၀-၈၀) အထိထွက်ရှိပြီး ဆောင်းရာသီတွင်(၂၅-၃၀)ပိဿာထွက်ရှိပါသည်။ ကွမ်းဈေးနှုန်းအနေဖြင့် နွေရာသီနှင့် မိုးရာသီတို့တွင် တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်ဈေးနှုန်းရှိပြီး ဆောင်းရာသီတွင် တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ နွေရာသီနှင့် မိုးရာသီတွင် ကွမ်းဈေးနှုန်းနိမ့်သော်လည်း အထွက်နှုန်းကောင်းမွန်ပြီး ဆောင်းရာသီတွင် အထွက်နှုန်းလျော့နည်းပြီး ဈေးကောင်းရသောကြောင့် ဆတူအကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် ထွက်ရှိလာသောကွမ်းများအား မန္တလေး၊ မိထ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်များသို့  အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ တစ်နှစ်ပတ်လုံးခြုံကြည့်လျှင် ကွမ်းပင်(၁၀၀၀)စိုက်ပျိုးထားသော ကွမ်းခြံပိုင်ရှင်များအနေဖြင့် တစ်လလျှင် ပျမ်းမျှအားဖြင့် (၃၀၀၀၀၀-၃၅၀၀၀၀)ကျပ်ဝင်ငွေရှိပြီး တစ်နှစ်လျှင် (၃၆၀၀၀၀၀-၃၇၀၀၀၀၀)ကျပ်ခန့်ဝင်ငွေရရှိမည်ဖြစ်ပါသည်။ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ ပြုစုကောင်းပါက (၁၀-၁၂)နှစ်အထိသက်တမ်းရှိ၍ အပိုဝင်ငွေရရှိကာ အကျိုးအမြတ်ရရှိ‌သောကြောင့် ကွမ်းပင်စိုက်ပျိုးပြီး စီးပွားရေးအောင်မြင်ဖြစ်ထွန်း၍ ကွမ်းနုဝါများကို စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)