အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာ၌ ဥယျာဉ်ခြံမြေစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိကျေးရွာများဖြစ်သော ဥယျာဉ်၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ရွာတော်‌ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ကြပါသည်။ ပန်းတော်ပြင်ကျေးရွာ၌ ဥယျာဥ်ခြံမြေလုပ်ကိုင်သူတောင်သူ ဦးသိန်းထိုက်၏ စိုက်ပျိုးမြေဧကမှာ (၃) ဧကနီးပါးရှိပြီး ခရမ်းချဉ်သီး၊ ငရုတ်၊ ကြက်သွန်နီ၊ ခရမ်းသီး၊ မုန်လာဥ၊ ပဲသီး၊ ပြောင်း၊ ဆလပ်ရွက်၊ ဆူးပုပ်ရွက်၊ နံနံပင်စသောသီးပင်များနှင့် နှစ်ရှည်သီးပင်များဖြစ်သော မာလကာပင်၊ သလဲပင်၊ ပိန္နဲပင်၊ သရက်ပင်အပါအဝင် သင်္ဘောပင်၊ ငှက်ပျောပင်များကို ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

   စိုက်ပျိုးသည့်မျိုးပင်အများစုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ပန်းတောင်မြို့တို့မှ အများဆုံးဝယ်ယူပြီး ရေသွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊  ခရမ်းချဉ်သီးမှာတိုင်ထောင်စနစ်ဖြင့် ထိုင်ဝမ်မျိုးကို စိုက်ပျိုးထားပြီး ယခု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် (၁) ပိဿာလျှင် ကျပ်(၁၅၀၀) ရရှိကြောင်း၊  ဆူးပုပ်ပင်မှာ ဆူးပုပ်ကြီးမျိုးဖြစ်ပြီး မျိုးစေ့တစ်ဘူးလျှင် ကျပ် (၄၀၀၀) ပေးရပြီး အပင် (၁၀၀) နီးပါးစိုက်ပျိုးထားကြောင်း၊ ပေါ်ဦးပေါ်ဖျားအချိန်တွင် (၁) ပိဿာလျှင် ကျပ် (၈၀၀၀) ရရှိပြီး ယခု ဒီဇင်ဘာလ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၅၀၀၀ မှ ၆၀၀၀) ကြားသာ ရရှိကြောင်း၊ ခရမ်းသီးမှာ ယခင်နှစ်ကမျိုးဖြစ်သော ထောပတ်မျိုးနှင့်ဆင်ဆွယ်မျိုးကို စိုက်ပျိုးပြီး (၁) ပိဿာလျှင် ကျပ် (၁၅၀၀) ရရှိကြောင်း၊ ပဲသီးမှာ ထိုင်ဝမ်မျိုးကိုတိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးထားပြီး အသီးဝင်စအချိန်သာရှိသေးကြောင်း၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ်တို့လည်း စိုက်ပျိုးထားဆဲဖြစ်ကြောင်း၊ နှစ်ရှည်သီးပင်များဖြစ်သော မာလကာမျိုးမှာ ကီလိုမျိုးဖြစ်ပြီး  မျိုးပင်တစ်ပင်လျှင် ကျပ် (၂၅၀၀) ဖြင့်ဝယ်ယူရကြောင်း၊ အပင်မှာ (၁၅၀) နီးပါး စိုက်ပျိုးထားရှိကာ ယခုလက်ရှိဒီဇင်ဘာလ (ပထမပတ်) တွင် မာလကာသီး (၁) လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် (၅၀၀ မှ ၁၀၀၀) ရရှိကြောင်း၊ ငှက်ပျောပင်မှာ ဖီးကြမ်းမျိုးဖြစ်ပြီး အပင် (၅၀) နီးပါးရှိကြောင်း၊ တစ်ဖီးလျှင် ကျပ် (၂၀၀၀-၂၅၀၀) ရရှိကြောင်း၊ သင်္ဘောပင်မှာထိုင်ဝမ်မျိုးဖြစ်ပြီး  မျိုးစေ့တစ်ထုပ်လျှင် ကျပ် (၆၀၀၀၀) ပေးရပြီး အပင် (၂၀) ကျော် စိုက်ပျိုးထားရှိကြောင်း၊ အလုံးအကြီး၊ အသေးခွဲ၍ (၁) ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) ရရှိကြောင်း၊ သလဲသီးမှာ ထိုင်ဝမ်မျိုးဖြစ်ပြီး အပင် (၂၀) နီးပါးစိုက်ပျိုးထားရှိကြောင်း၊ ပိန္နဲပင်နှင့်သရက်ပင်တို့မှာ  မြန်မာမျိုးများကိုသာစိုက်ပျိုးထားရှိကြောင်း၊ ယခုနိုင်ငံတော်အစိုးရမှ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တောင်သူ (၃) ဦး တစ်စုလျှင်  ချေးငွေတစ်စုစီထုတ်ချေးခဲ့ရာ ဆိုလာဝယ်ယူ၍ ဆိုလာစနစ်ဖြင့်ရေသွင်းသည့်အတွက် စက်သုံးဆီစရိတ်မှာသက်သာလာ၍ ဥယျာဉ်ခြံကုန်ကျစရိတ်မှာ လျော့နည်းလာကြောင်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ မျိုးစရိတ်၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်နှစ်လျှင် ခန့်မှန်းခြေမှာ ကျပ်သိန်း ( ၂၀ မှ ၂၅ ) သိန်းကြား ကုန်ကျပါကြောင်း၊ ထွက်ရှိသောသီးနှံများကို မလွန်ဈေး၊ မင်းလှဈေး၊ ဘက်စုံဈေး၊ မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)ဈေးများသို့ တင်သွင်းရောင်းချကြောင်း၊ မိမိအနေဖြင့် သီးပင်၊ စားပင်လုပ်ငန်းအပြင် ပန်းပင်စသောပျိုးပင်များ ရောင်းချနိုင်ရန် အတွက်လည်း ရည်ရွယ်၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာနေဥယျာဉ်ခြံစိုက်ပျိုးလုပ်ကိုင်သူဦးသိန်းထိုက်ထံမှ သိရှိရပါသည်။