တောင်တွင်းကြီးမြို့နယ်အတွင်း ဆောင်းသီးနှံ(ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့အတွင်း အနောက်ဘက်ကျေးရွာများဖြစ်သည့် ကြက်ဖြူတောကျေးရွာ၊ အုန္နဲတန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် ပြားတုကျေးရွာများတွင် မြေအောက်ရေတွင်းမှရေကို ရေစုပ်စက်ဖြင့်အသုံးပြုပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောင်းသီးနှံ (ခေါ်) ဥစိုက်ကြက်သွန်နီများစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

    မျိုးဥများအနေဖြင့် ယခင်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် မျိုးစေ့ကြဲပတ်၍စိုက်ပျိုးရာမှ ထွက်ရှိလာသည့် ဒေသခေါ်(ဇော်မွှား)မျိုးဥများကိုစိုက်ပျိုးကြောင်း၊ မျိုးဥ(၁)ပိဿာလျှင် ကျပ်(၄၀၀၀) ဖြင့်ဝယ်ယူရကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုးဥပိဿာ(၁၀၀မှ ၁၅၀)ပိဿာခန့်ကုန်ကျကြောင်း၊ မျိုးဥ အရွယ်အစားအကြီး/ အသေးပေါ်မူတည်၍ (၁)ဧကလျှင် ကုန်ကျမှုပိဿာမှာ ကွာခြားလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် မျိုးဥ(၁)ပိဿာလျှင် ကျပ်(၂၂၀၀) ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၀၀၀၀၀၀) ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာချိန်(၂၀၀၀-၂၅၀၀) ပိဿာကြားထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဈေးနှုန်းရရှိါကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅၀၀၀၀၀) ခန့်မှန်းကုန်ကျကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး ယခင်နှစ်ကအထွက်နှုန်းအတိုင်းထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၈၀၀)ဈေးနှုန်းရရှိပါက တောင်သူများအနေဖြင့် အဆင်ပြေမည်ဖြစ်ပါကြောင်း ကြက်ဖြူတောကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)