ပန်းမုန်လာပွင့်(ခေါ်)ပန်းဂေါ်ဖီဈေးကွက်ကောင်းမွန်သဖြင့် စိုက်ပျိုးတောင်သူများ ဝင်ငွေကောင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိသည်။

    တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာ၊ အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ ၃၅ ရက်သားတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ ခန့်တွင် ခူးဆွတ်ရကြောင်း သိရသည်။ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ် ရှစ်သိန်းကုန်ကျပြီး ကျပ် ၁၅ သိန်းခန့် ပြန်လည်ရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ်ခုနှစ်သိန်းခန့် ရရှိကြောင်း သိရှိရသည်။

      ခူးဆွတ်ပြီး ပန်းမုန်လာပွင့်များကို အရွယ်အစားအလိုက် တစ်ပွင့်လျှင် ငွေကျပ် ၁၅၀၀-၂၀၀၀ ခန့်ထိ ရောင်းချရကြောင်း၊ ပွဲစားများမှ ကျေးရွာသို့ လာရောက်ဝယ်ယူကြပြီး မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ တင်ပို့ရောင်းချလျက်ရှိရာ ပန်းမုန်လာပွင့် စိုက်တောင်သူများ အနေဖြင့် တွက်ခြေကိုက်ကာ ဝင်ငွေကောင်းနေကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)