ကရင်ပြည်နယ်ဒေသထွက် ဖူးစားပြောင်းဈေးကွက်

Powered by Drupal

    ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းကိုလည်း တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်း (၂၄၈၆)ဧကစိုက်ပျိုးထားရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးမှုတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၄၈၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ဖူးစားပြောင်းကို ဘားအံခရိုင်နှင့် ကြာအင်းဆိပ်ကြီးခရိုင်နှင့် မြဝတီခရိုင်တို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ကျန်ခရိုင်များတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် သကြားပြောင်းကို အဓိကစိုက်ပျိုးကြပြီး ထောပတ်ပြောင်းကို အနည်းငယ်စိုက်ပျိုးကြပါသည်။

   ဒေသခံတောင်သူများအနေဖြင့် ထွက်ရှိလာသောပြောင်းဖူးများကို ဘားအံမြို့ပေါ်ဈေးများရှိ ဟင်းသီးဟင်းရွက်ဒိုင်များသို့ လက်ကားစနစ်ဖြင့်လည်းကောင်း၊ ဒေသတွင်းစားသုံးသူပြည်သူများသို့ ကိုယ်တိုင်ရောင်းစနစ်ဖြင့်လည်းကောင်း ပြန်လည်ရောင်းချကြပါသည်။ ဘားအံမြို့၊ ရေပေါ်စံပြဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများမှာ သကြားပြောင်းဖူးအစိမ်း(၁)ဖူးလျှင် (၄၀၀)ကျပ်၊ ထောပတ်ပြောင်းအစိမ်း(၁)ဖူးလျှင်(၄၀၀)ကျပ်ဖြစ်ပြီး ပြောင်းဖူးပြုတ် (၁)ဖူးလျှင် အဖူးကြီး(၈၀၀)ကျပ်၊ ဖူးသေး(၁)ဖူးလျှင် (၅၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြောင်းဖူးစိမ်းကို ဂျစ်ဖြင့်ခြစ်၍ ပြောင်းဖူးကြော်အဖြစ်လည်းကောင်း၊ ပြောင်းဖူးစိမ်းကိုပြုတ်ပြီး ဓားဖြင့်ပါးပါးလှီး၍ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ဖြင့် ပြောင်းဖူးသုပ်အဖြစ်လည်းကောင်း၊ ယိုးဒယားပြောင်းဖူးထောင်းအဖြစ်လည်းကောင်း အမျိုးမျိုးစားသုံးကြပါသည်။

      ပြောင်းဖူးတွင် ဗီတာမင် B1၊ ဗီတာမင် B5၊ ဗီတာမင် C၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် အသားဓာတ်များလည်းပါဝင်သည်။ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသည့်အတွက် သွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်းလျော့ကျစေပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေသည့်အတွက် ဆီးချိုသမားများစားသုံးသင့်ပါသည်။ ပြောင်းဖူးတွင်ပါဝင်သည့် ဗီတာမင် B1 သည် မှတ်ဉာဏ်စွမ်းအားကိုတိုးမြင့်စေသည့်အတွက် ခလေးသူငယ်များလည်းစားသုံးသင့်ပါသည်။ ပြောင်းဖူးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး မိသားစုအတွက်လည်း စီးပွားဖြစ်ဝင်ငွေတိုးသောကြောင့် ပြောင်းဖူးသီးနှံများကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)