ပေါက်မြို့နယ်၏ ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မိုးစပါးများရိတ်သိမ်းပြီးစီးသည့်နောက် ဆောင်းသီးနှံဖြစ်သည့် ကုလားပဲများကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလကုန်အထိ စိုက်ပျိုးသွားမည်ဟုသိရှိရပါသည်။ တစ်မြို့နယ်လုံး၏ ခန့်မှန်းစိုက်ဧကမှာ (၃၈၂၅) ဧကခန့်ရှိမည်ဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးကြသည့် မျိုးများမှာ စိုက်ပျိုးရေးဦးစီးဌာနမှရောင်းချပေးသည့် ရေဆင်း(၈၂၆)နှင့် ဒေသမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ တစ်ဧကလျှင် (၂)တင်းမှ (၃)တင်းအထိစိုက်ပျိုးကြပြီး စိုက်ပျိုးနည်းစနစ်မှာ ကြဲပက်၍ထယ်ထိုးခြင်းနှင့် တချို့တောင်သူများမှာ ထွန်ကြောင်းဆွဲ၍  အတန်းလိုက်စိုက်ပျိုးခြင်းတို့ကြောင့် တစ်ဧကလျှင် မျိုးဝင်ဆံ့မှုကွဲပြားခြားနားသွားသည်ဟုသိရှိရပါသည်။

    ကုလားပဲသီးနှံမျိုးတစ်တင်းလျှင် ကျပ်(၉၀၀၀၀)ခန့်ရှိပြီး တစ်ဧကခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခွဲမှ ကျပ်(၄)သိန်းခွဲခန့်ကုန်ကျကြောင်း၊ ရာသီဥတုဖောက်ပြန်မှုရှိပါက တစ်ဧကလျှင် အထွက်နှုန်းတင်းမှာ (၁၀)တင်းမှ (၁၅)တင်းအထိထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း(၉၀)မှ ရက်ပေါင်း(၁၀၀)အတွင်း အသီးအနှံများထွက်ရှိလျက်ရှိကြောင်း၊ အထွက်နှုန်းနှင့် ဈေးကွက်ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအနေဖြင့် ရလဒ်ကောင်းများရရှိပြီး နောက်ထပ်စိုက်ပျိုးရန်ရည်ရွယ်ထားသည့် နွေစပါးသီးနှံအတွက် အရင်းအနှီးများ ပိုမို စိုက်ထုတ်သုံးစွဲလာနိုင်ပြီး တိုးချဲ့စိုက်ပျိုးလာနိုင်ကြောင်း ကုလားပဲစိုက်တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)