ပခုက္ကူမြို့သို့ မိုးကြက်သွန်နီ(ခေါ်)ဥစိုက်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ မြစ်ရေဝင်ဒေသများဖြစ်သည့် ကျွန်းထဲကျေးရွာများမှ မိုး(ဥစိုက်) ကြက်သွန်နီများ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မဈေး၏ အရှေ့တောင်ဘက်အရပ်ခေါ် ကျွန်းတန်းကြက်သွန်နီပွဲရုံတန်းသို့ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်ပွဲစားတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

    ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံရာ အနောက်ဘက်ကမ်း မြစ်ရေဝင်ရာကျွန်းထဲကျွေးရွာများဖြစ်သည့် ဗလဘ၊ နွယ်နီ၊ ဟင်္သာ၊ ကိုးရင့်၊ ချောင်းဖျား၊ ဇီးကုန်းကျွန်းနှင့် ပိတောက်ပွန်ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုက်ပျိုးခဲ့သည့် မိုး (ဥစိုက်) ကြက်သွန်နီများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)မှစ၍ ယနေ့အချိန်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ပေါ်ဦးပေါ်စဖြစ်သည့်အတွက် တစ်နေ့လျှင် ကုန်ချိန်အဝင်ပိဿာ (၅၀၀၀)ပိဿာမှ (၆၀၀၀) ပိဿာခန့်ဝင်ရောက်ခဲ့ရာမှ ယခုအချိန်တွင် ကုန်ချိန်ဝင်ပိဿာ (၁၀၀၀၀)ပိဿာမှ(၁၅၀၀၀) ပိဿာခန့် နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ဈေးနှုန်းများအနေဖြင့် အစောဆုံးပေါ်ဦးပေါ်စအချိန်တွင် အကြီးစတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၃၀၀) နှင့် အသေးစတစ်ပိဿာလျှင် ကျပ်(၁၇၀၀) မှ ကျပ် (၁၃၀၀)ဈေးနှုန်းတို့ဖြင့် မိုး (ဥစိုက်) ကြက်သွန်နီဈေးနှုန်းဖွင့်ခဲ့ကြောင်း၊ ဈေးနှုန်းတဖြည်းဖြည်းတက်လာရာ ဒီဇင်ဘာလအစတွင် အကြီးစတစ်ပိဿာလျှင် ကျပ်(၂၁၀၀) မှ ကျပ် (၂၆၀၀)နှင့် အသေးစတစ်ပိဿာလျှင် ကျပ်(၂၀၀၀) မှ ကျပ်(၂၂၀၀)ခန့်အထိရောက်ရှိခဲ့ပါသည်။ ကြက်သွန်နီအရည်အသွေးပေါ်မှုတည်၍လည်း ဈေးနှုန်းကွာခြားမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ယနေ့အချိန်တွင် ကုန်ဝင်များတစ်နေ့ထက်တစ်နေ့ ပိုမိုဝင်ရောက်ခဲ့ရာ ဝင်‌ရောက်လာသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  မိုး(ဥစိုက်) ကြက်သွန်နီများသည် ရေရှည်သိုလှောင်၍မရသဖြင့် မြို့နယ်တွင်းစားသုံးမှုနှင့် ရန်ကုန်၊ မန္တလေးမြို့ များသို့ တင်ပို့လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ရေစကြိုမြို့နယ်၊ မိုး(ဥစိုက်) ကြက်သွန်နီများ ပခုက္ကူမြို့သို့ လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း ကြက်သွန်နီပွဲစားတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)