မြန်မာ့နှမ်းကို ကမ္ဘာကသိစေဖို့ အရည်အသွေးကောင်းမျိုးကောင်းများကို ရွေးချယ်စိုက်ပျိုးကြပါစို့

Powered by Drupal

    မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းလျင်မျိုးနှင့် နှမ်းကြီးမျိုးဟူ၍ နှမ်းအမျိုးအစား(၂)မျိုးရှိပါသည်။ ပြည်ခရိုင်အနေဖြင့် နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ (၃)မျိုးရှိပြီး ယခုအချိန်အထိ နှမ်းစိုက်ဧကမှာ ၇၆၈၇၀ဧကစိုက်ပျိုးထားရှိပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုနည်းပါးသွားသည်ကိုတွေ့ရပါသည်။ ပြည်ခရိုင်တွင် နှမ်းနက်ကို အဓိကထား၍စိုက်ပျိုးကြပြီး နှမ်းနီကိုအနည်းငယ်သာစိုက်ပျိုးကြောင်းသိရပါသည်။ နှမ်းနက်ကိုစိုက်ပျိုးရာတွင် အရည်အသွေးကောင်းသော မျိုးကောင်း၊ မျိုးသန့်များကိုရွေးချယ်၍စိုက်ပျိုးနိုင်လျှင် အထွက်နှုန်းလည်းကောင်းပြီး အရည်အသွေးကောင်းသည့်မျိုးသန့်များကိုရရှိပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။ ခရိုင်အတွင်း စားသုံးဆီဖူလှုံစေရန်အတွက် နှမ်းနီကိုလည်း ဦးစားပေး၍စိုက်ပျိုးသင့်ပါသည်။ နှမ်းနီစိုက်ဧကမှာ နည်း၍ အထွက်နှုန်းနည်းပြီး ဒေသတွင်းဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် လုံလောက်မှုမရှိ၍ အခြားတိုင်းများမှဝယ်ယူကြိတ်ခွဲရပါသည်။ ထို့ကြောင့် ပြည်ခရိုင်အနေဖြင့် ဆီအထွက်နှုန်းကောင်းသော နှမ်းနီမျိုးကောင်းမျိုးသန့်များနှင့် အရည်အသွေး ကောင်းသော နှမ်းနက်နှင့် စမုံနက်နှမ်းကို ရွေးချယ်၍စိုက်ပျိုးသင့်ပါသည်။

      နှမ်းဈေးများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၃၂၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နိုဝင်ဘာလ လကုန်ပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ကျပ်ဖြစ်ခဲ့၍ ယခုအချိန်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။ နှမ်းနက်ဈေးမှာလည်း ယခင်နိုဝင်ဘာလ လကုန်ပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်ဖြစ်ခဲ့၍ ယခုအပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀ကျပ်ခန့်ဈေးပိုလာခဲ့ပြီး စမုံနက်နှမ်းဈေးမှာလည်း နိုဝင်ဘာလ လကုန်ပတ်နှင့်နှိုင်းယှဉ်လျှင် (၃)တင်းဝင်တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ဈေးကွက်အနေဖြင့် ဆောင်းနှမ်းများစိုက်ပျိးနေချိန်ဖြစ်၍ ဝင်ရောက်မှုနည်းပြီး တစ်နေ့လျှင် (၁၅)ပိဿာဝင်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ နယ်ဘက်မှဝင်ရောက်လာသော နှမ်းများနှင့် ပွဲရုံလက်ကျန်လှောင်နှမ်းများကို  အောင်လံနှင့် မန္တလေးဝယ်လက်များက အဝယ်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)