ပြည်ဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောဂေါ်ဖီထုပ်သီးနှံမှာ ရှမ်းပြည်နယ်၊ ကလော၊ အောင်ပန်း၊ တောင်ကြီး စသည့်မြို့များမှ ဝင်ရောက်လျက်ရှိပြီး တစ်ပတ်လျှင် (၂)ရက် ဝင်ရောက် မှုရှိနေပါသည်။ တစ်ပတ်အတွင်း ပြည်ဈေးကွက်ဖြစ်သော မြို့မဈေးကြီး၊ အောင်မင်္ဂလာဈေး၊ မြို့သစ်ဈေး၊ ကိုးသောင်းဈေးနှင့် အခြားမြို့ပေါ်လက်လီဈေးများသို့ အိတ်စုစုပေါင်း (၂၀၀)အိတ်ခန့်အဝင်ရှိပြီး တစ်အိတ်လျှင် ဂေါ်ဖီထုပ် (၃၀)ထုပ်ခန့်ပါဝင်ကြောင်းသိရပါသည်။

     ဂေါ်ဖီထုပ်သီးနှံမှာ မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သော်လည်း သယ်ယူခနှုန်းထားများမြင့်တက်မှုကြောင့် ဈေးနှုန်းမှာ ယခင်နှစ်များထက် အနည်းငယ်ပိုမြင့်တက်လျက်ရှိကြောင်းလည်းသိရပါသည်။ ဂေါ်ဖီထုပ်ကို အစိမ်းကြော်ခြင်း၊ ဟင်းချိုချက်ခြင်း၊ အသားတစ်မျိုးမျိုးနှင့်ရောကြော်ခြင်း၊ အသုပ်ထဲသို့ထည့်ခြင်း၊ ကော်ပြန့်ကြော်ထဲတွင်ထည့်ခြင်း၊ ဂေါ်ဖီအချဉ်ထည့်ခြင်းနှင့် တို့စရာအဖြစ် ငါးပိချက်၊ ငါးငါးပိရည်တို့နှင့် အစိမ်းတို့စားခြင်းများ စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် C,B,A ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ အန်တီအောက်ဆီဒန့် စသည့်အာဟာရဓာတ်များပါဝင်ပြီး ဂေါ်ဖီထုပ်ကိုစားသုံးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုကောင်းစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းကိုကောင်းစေပြီး ဝမ်းမှန်စေခြင်း၊ သွေးတွင်းရှိ မကောင်းသောအဆီဓာတ်များကိုလျော့နည်းစေခြင်း၊ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေခြင်း စသည့်ကျန်းမားရေးအကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။ သို့ရာတွင် ဂေါ်ဖီထုပ်ကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာကြော်ခြင်း၊ ချက်စားခြင်းများပြုလုပ်ပါက အာဟာရဓာတ်များပျက်စီးသွားသဖြင့် အချိန်ကြာကြာကြော်/ချက်ခြင်းများကို ရှောင်ကြည်သင့်ကြောင်းလည်းသိရပါသည်။

      ပြည်ဈေးကွက်တွင် ဂေါ်ဖီထုပ် အထုပ်(ကြီး) တစ်ထုပ်လျှင် ကျပ်၁၅၀၀၊ (အသေး)တစ်ထုပ်လျှင် ကျပ်၁၃၀၀ရှိပြီး ဂေါ်ဖီထုပ်အကြီး/အသေးပေါ်မူတည်၍ ၁စိပ်လျှင် ကျပ်၅၀၀၊ ကျပ်၃၀၀ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချမှုရှိနေပါသည်။ အရောင်းအဝယ်အနေဖြင့် ပြည်ဈေးကွက်အတွင်း၌ ဂေါ်ဖီထုပ်မှာ ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ယခုကဲ့သို့ ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလတွင် အဝင်လှိုင်၍ ပေါများကာ ဈေးနှုန်းချိုသာသော်လည်း သယ်ယူပို့ဆောင်မှုအခက်အခဲကြောင့် အဝင်မှာ ပုံမှန်ရောင်းလိုအားအပေါ်မူတည်၍ မှာယူရောင်းချခြင်းများသာရှိသောကြောင့် အရောင်းအဝယ်မှာ ပုံမှန်သာရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)