ပေါ်ဦးပေါ်ဖျား ပြည်ဆူးပန်းရွက်များ

Powered by Drupal

   ပြည်မြို့၏ဈေးများဖြစ်သော မြို့မဈေး၊ နဝင်းဈေး၊ အောင်မင်္ဂလာဈေး၊ ကသည်းဈေး၊ ကိုးသောင်းဈေး၊ မြို့သစ်ဈေး အစရှိသည့်ဈေးကွက်များသို့ ယခုဆောင်းရာသီ၏ ရာသီစာ ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်သော ဆူးပန်းရွက်များမှာ ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ဝင်ရောက်မှုရှိလာပါသည်။ ပြည်မြို့၏အနီးတဝိုက်ဖြစ်သော ခေတ္တရာမြို့သစ်၊ မှော်ဇာကျေးရွာနှင့် ချောင်းနားတန်းကျေးရွာများမှ ဝင်ရောက်မှုရှိလာပြီး တစ်ပတ်လျှင် ၃ရက်ခန့် ရက်ခြားအဝင်ရှိသည်ဟုသိရပါသည်။ ဆူးပန်းရွက်တစ်စည်းတွင် (၅)ပိုင်ပါဝင်ပြီး တစ်ကြိမ်ဝင်လျှင် အစည်း (၉၀-၁၀၀) ခန့် အဝင်ရှိနေပါသည်။

      ဆူးပန်းရွက်ကို ချဉ်ရည်ဟင်းအဖြစ် ချက်စားလေ့ရှိပြီး ငါးခေါင်း၊ ဘူးသီး၊ ကန်စွန်းရွက်၊ ဂျူးမြစ်၊ နံနံရွက်ပြားတို့နှင့်ရောကာ လုံးချက်၍ အချဉ်အဖြစ် မန်ကျည်းသီးမှည့်/ အစိမ်းကြိုက်ရာထည့်၍ ချက်ပြုတ်စားသောက်ကြပါသည်။ ဆူးပန်းရွက်မှာ ချို၊ ခါး၊ ပူ၍ ဝမ်းဆက်စေကာ ဝမ်းမီးတောက်စေပြီး နှုတ်လည်းမြိန်စေကာ သလိပ်ကိုပယ်ပြီး မျက်စိကိုအကျိုးပြုစေကြောင်းသိရပါသည်။ ဈေးကွက်အတွင်း၌ ဆူးပန်းရွက်မှာ ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ ဈေးကောင်းရလျက်ရှိပြီး (၅)ပိုင်စည်းတစ်စည်းလျှင် ကျပ်၄၀၀ခန့်ရှိကာ အစည်းသေးတစ်ပိုင်လျှင် ကျပ်၁၀၀နှုန်းဖြင့် ရောင်းချမှုရှိနေပါသည်။ ဇန်နဝါရီလ လကုန်ပိုင်းတွင် ဆူးပန်းရွက်များလှိုင်လှိုင်ပေါ်လာပြီး ဈေးနှုန်းမှာလည်း ထက်ဝက်ခန့်လျော့နည်းသွားမည်ဖြစ်ကြောင်းလည်းသိရပါသည်။ အရောင်းအဝယ်မှာ ရာသီပေါ် သီးနှံဖြစ်သဖြင့် စားသုံးသူများက ဝယ်ယူစားသုံးကြသည့်အတွက် အဝင်ရှိသလောက် ရောင်းဝယ်မှုဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)