ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စုရှိ လက်ပံကုန်း၊ လက်ပံသာယာ၊ သဲရိုး(၁)၊ သဲရိုး(၂)၊ ကျီးပင်တက်၊ ဝဲကြီး စသောကျေးရွာများသည် ဧရာ ဝတီမြစ်အရှေ့ဘက်ကမ်းတွင်တည်ရှိကြပြီး စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်လျက်ရှိရာ စပါး၊ ပဲငပိ၊ ပဲကြီး၊ ကုလားပဲ၊ မတ်ပဲ၊ မြေပဲ၊ ငရုတ်၊ ခရမ်းချဉ်သီး၊ ပြောင်း၊ နှမ်း၊ ပဲထောပတ်နီ၊ ပဲထောပတ်ဖြူ စသည့်သီးနှံများကို ရာသီအလိုက်စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ဝဲကြီးကျေးရွာ၌ ပဲငပိစိုက်တောင်သူ(၂၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၂၅)ဧကကျော်ရှိကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအား ယခင်နှစ်က ထွက်ရှိသောပဲငပိအပင်မှ ပဲအတောင့်စေ့ကိုမျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးကြကြောင်း၊ စက်တင်ဘာလတွင် မျိုးစေ့ကိုကျဲပက်စနစ်ဖြင့်စတင်စိုက်ပျိုးပြီး ဒီဇင် ဘာလတွင်ရိတ်သိမ်းကြောင်း၊ (၁)ဧကလျှင် မျိုး(၂၂)ပြည်နီးပါးကုန်ကျပါကြောင်း၊ မိုးကိုအမှီပြု၍ စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် ရေသွင်းစရာမလိုပါကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကုန်ကျ စရိတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျပြီး ယခုနှစ်တွင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ လုပ်အားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၂၅၀၀၀၀)ထိကုန်ကျပါကြောင်း၊ ဒီဇင် ဘာလတွင် ပဲငပိစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး အလုပ်သမားတစ်ဦးလျှင် လုပ်အားခအနေ ဖြင့် ကျပ်(၅၀၀၀ မှ ၆၀၀၀) အထိပေးရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် အထွက်နှုန်းမှာ တင်း(၂၀) ဝန်းကျင်ထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သောကြောင့် ယခင်နှစ်ကထက် (၁)ဧကလျှင် တင်း(၂၀ မှ ၂၅) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပဲငပိ(၁)တင်းလျှင် အမြင့်ဆုံးဈေးမှာ ကျပ် (၅၈၀၀၀)ထိရရှိပြီး ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲငပိ(၁)တင်းလျှင် ကျပ် (၆၅၀၀၀)ထိဈေး ရရှိသောကြောင့် ပဲငပိစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ထွက်ရှိသော ပဲငပိများကို မိုးညိုမြို့ရှိကုန်ပွဲရုံများမှကားဖြင့် ရွာသို့တိုက်ရိုက်လာရောက် ဝယ်ယူလျက်ရှိပါကြောင်း ဝဲကြီးကျေးရွာနေ ပဲငပိစိုက်တောင်သူ ဒေါ်သန်းနွဲ့ထံမှ သိရှိရပါသည်။
DOCA(မကွေး)